သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ကူညီရေးအရာရှိ ရခိုင်၊ကချင် ပဋိပက္ခဒေသများ သွားမည်


Ursula Mueller ရဲ့ ၂၀၁၈ တုန်းက ရခိုင်ခရီးစဉ် (United Nations OCHA Myanmar)
Ursula Mueller ရဲ့ ၂၀၁၈ တုန်းက ရခိုင်ခရီးစဉ် (United Nations OCHA Myanmar)

လူသားခြင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ဒီနေ့ရန်ကုန်မြို့ကို ရောက်လာပြီး မနက်ဖြန်မှာတော့ ရခိုင်ဒေသ ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိနေပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေနဲ့ ပဋိပက္ခတွေ အခြေအနေတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားဖို့ ရည်ရွယ်ထားတဲ့ခရီးစဉ်တခုဖြစ်ပါတယ်။ ကိုဇော်ထက် ရန်ကုန်ကနေပေးပို့ထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအရေးကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်နေတဲ့ ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်ဖြစ်သလို အရေးပေါ် ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ Ursula Mueller ရဲ့ မေလ ၉ ရက်ကနေ ၁၅ရက် မြန်မာပြည်ခရီးစဉ်အတွင်းမှာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ် တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေတာကို ကိုယ်တိုင် မျက်မြင် လေ့လာသိရှိနိုင်ဖို့အတွက် အဓိကရည်ရွယ်ထားကြောင်းနဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေအပေါ် သက်ရောက်မှုတွေကို လေ့လာဖို့အတွက်ဖြစ်ပါတယ်။ အဲဒီနောက်ဒီခရီးစဉ်အပြီးမှာ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူတွေရော၊ အကူအညီပေးရေးအဖွဲ့ တွေနဲ့ပါ တွေ့ဆုံသွားဖို့လည်းရှိပါတယ်လို့ UN OCHAရဲ့ မြန်မာပြည် ဌာနေ လူထုဆက်သွယ်ရေးနှင့်ပြန်ကြားရေးအရာရှိ နန်စီမက်နယ်လီက အခုလိုပြောပါတယ်။

“ ဒီလိုလာတဲ့အချိန်မှာ မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ လူသားချင်းဆိုင်ရာမှုဆိုင်ရာလုပ်ငန်းတွေကို ဘယ်လိုတိုးတက်အောင်ဆောင်ရွက်ရမလဲဆိုတာကို ဆွေးနွေးသွားမယ်။ အဲဒီလူသားချင်းဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ဘယ်လိုတွဲဖက်ချိတ်ဆက်ပြီးတော့ လုပ်ဆောင်မလဲဆိုတာကိုလည်း ဆွေးနွေးသွားဖို့ရှိပါတယ်ရှင့်။ မစ္စမြူလာအနေနဲ့က မြန်မာနိုင်ငံကိုလာရောက်တဲ့အချိန်အတွင်းမှာ ဒီလူသားချင်းဆိုင်ရာဘေးဒုက္ခအခြေအနေတွေကြောင့်ထိခိုက်ခံရတဲ့ သူတွေနဲ့ တွေ့ဆုံသွားဖို့ရှိသလို အစိုးရပိုင်းထိပ်ပိုင်းအရာရှိတွေနဲ့ရော လူသားချင်းဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်း အသီးသီးနဲ့ရော တွေ့ဆုံသွားဖို့ရှိပါတယ်ရှင့်။”

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA အနေနဲ့ လတ်တလောရခိုင်ဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အထူးစောင့်ကြည့်လေ့လာ နေတာလည်းဖြစ်ပါတယ်။ UNOCHA အနေနဲ့ ၂၀၁၈မှာ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးစီမံကိန်းအတွက် ရခိုင်၊ ကချင်၊ ကရင်နဲ့ ရှမ်းမှာရှိတဲ့ လူဦးရေ ၈သိန်းကျော်အတွက် အမေရိကန်ဒေါ်လာ ၁၈၃ သန်းကိုလည်းတောင်းခံခဲ့ပါတယ်။

မိုးကျနေပြီဖြစ်လို့ ရခိုင်ဒေသမှာ အရေးပေါ်အကူအညီတွေ ပိုလိုအပ်နေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ဆိုပါတယ်။ ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ စစ်တွေအခြေစိုက် ရဟန်းသံဃာတွေက မြို့နယ် ၆ခုမှာရှိတဲ့ စစ်ရှောင်စခန်းအတွက် ကယ်ဆယ်ရေးအကူအညီနဲ့ အမိုးအကာတွေ ထောက်ပံ့ဖို့ ကျပ်ငွေ ၃.၃ဘီလီလျံ (အမေရိကန်ဒေါ်လာ ၂၁သန်း) ပြည်နယ်အစိုးရဆီကို မေလ ၆ရက်က တောင်းခံထားတယ်။ ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်ဆိုပေမဲ့ စစ်ရှောင် ၃၇,၀၀၀ ကျော်အတွက် နေဖို့နေရာ၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ ဒီသုံးခုက အရေးပေါ်လိုအပ်ချက်ဖြစ်နေပြီး ဒါတွေလုံလောက်မှု မရှိရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် စိုးရိမ်နေရကြောင်း Rakhine Ethnic Congress ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“ ပြည်ထောင်စုကို သူတို့ဘက်ဂျက်တင်ထားတယ်ဆိုတဲ့ဟာတော့ ပြောတာပေါ့ ဒါပေမဲ့ တခုရှိတာကဘာလဲဆိုတော့ ကျနော်တို့က ပြည်ထောင်စုဘက်မှာဘယ်လို စဉ်းစားနေကြသလဲ၊ တောင်းခံတဲ့အနေအထားမှာရော သူတို့ဘယ်လောက်လောက်ထိ သူတို့အနေနဲ့ ဦးစားပေးတဲ့အနေနဲ့ စဉ်းစားတောင်းဆိုထားသလဲပေါ့။ ဆိုလိုချင်တာက တင်ပြထားတယ်ဆိုတဲ့သဘောမျိုးလောက်နဲ့တော့ မပြီးဘူးထင်တာပဲ။ ဒါတကယ့်ကိုပဲအရေးကြီးတယ်၊ ချက်ချင်းလုပ်ရမယ့်ကိစ္စဖြစ်တယ်၊ ဘယ်လိုအနေအထားမျိုးနဲ့ သူတို့တောင်းထားလဲကျနော်တို့မသိဘူး အဲဒီလိုမျိုးတော့ရှိနေပါတယ်။”

အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး အာရ်ဆူလာမြူလာ က ကုလအမြဲတမ်းကိုယ်စားလှယ်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အမြဲတမ်းအတွင်းဝန် ကော်မတီကကျင်းပတဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီးတဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါဟာသူ့ရဲ့ ဒုတိယမြောက် မြန်မာပြည်ခရီးစဉ် ဖြစ်ပြီး ၂၀၁၈ ဧပြီလ ပထမခရီးစဉ်တုန်းကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မိုင်းနား KBC စစ်ရှောင်စခန်းကိုသွားခဲ့ပြီး ဒေသတွင်းကပြဿနာတွေကို ဆွေးနွေး ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG