သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုမှု ကုလကြိုဆို


မြန်မာသမ္မတ ဦးသိန်းစိန်။
မြန်မာသမ္မတ ဦးသိန်းစိန်။
ရခိုင်ပြည်နယ်အရေးအခင်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ်အပြစ်ပေးခံရတဲ့ ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ ဝန်ထမ်းသုံးဦးကို သမ္မတဦးသိန်းစိန်က လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးလိုက်ပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းတွေ အခုလို လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဘက် ကလည်း တုံ့ပြန်ထားပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဝန်ထမ်းနှစ်ဦးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတခုက ဝန်ထမ်းတစ်ဦး တို့ကို ရခိုင် အရေးအခင်းနဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး မောင်တောတရားရုံးကနေ တနေ့က ပြစ်ဒဏ်အသီးသီးတွေ ချမှတ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ သမ္မတရဲ့ အမိန့်အာဏာနဲ့ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါ တယ်။ ကုလသမဂ္ဂဘက်ကတော့ အခုလို လွတ်မြောက်လာတဲ့သတင်းတွေကို သိရပြီးတော့ ကြိုဆို ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး တွဲဘက်ပြောခွင့်ရ Faran Haq က ပြောပါတယ်။
မြန်မာနိုင်ငံထဲက ကုလသမဂ္ဂဝန်ထမ်းနှစ်ဦး လွတ်မြောက်လာတယ်ဆိုတဲ့ သတင်းကို သိရလို့ ကြိုဆိုပြီးတော့ ကျန်နေတဲ့ နောက်တစ်ဦးလည်း လွတ်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်းအတွင်းရေးမှူးပြောခွင့်ရသူ Faran Hag ပြောသွားတာပါ။

ရခိုင်ပြည်နယ်တွင်း ဆူပူမူမှာ ပါဝင်ပတ်သက်တာကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းမဟုတ်တဲ့အဖွဲ့အစည်းတွေက ဝန်ထမ်းသုံးဦးကို မိမိ အကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို အများပြည်သူနဲ့အတူ တာဝန်ထမ်းဆောင် နိုင်အောင် သမ္မတ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မနေ့တုန်းက သမ္မတရုံးက ကြေညာခဲ့ပါတယ်။ အဲ့သုံးဦးလုံးဟာ မြန်မာနိုင်ငံသားတွေလည်း ဖြစ်ကြ ပါတယ်။ အဲ့ဒီ့ဝန်ထမ်းသုံးဦးကိုတော့ ပြီးခဲ့ တဲ့သောကြာနေ့က တရားစီရင်ပြီးတော့ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဥပဒေရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌဦးလှသိန်းက ဗွီအိုအေကိုပြောခဲ့ပါတယ်။

“အမိန့်ချတာက သောကြာနေ့ကပေါ့။ ခင်မောင် ခေါ် အဏ္ဏဝါဆာဒတ်၊ သူက ပြစ်မှု ပုဒ်မ ၁၅၃ (က)၊ နောက် ၅၀၅ (ဂ)၊ အဲဒီ ပြစ်မှု နှစ်ခုအတွက် နှစ်နှစ်စီပေါ့- တပေါင်းတည်း ကျခံစေ ဆိုပြီးတော့ နှစ်နှစ်ပေါ့။ နောက် နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်း ဥပဒေပုဒ်မ ၂၄ (၁) အရ တနှစ် ဆိုတော့ အဲဒီလူက သုံးနှစ်ကျတာပေါ့။ ပုဒ်မ သုံးခုအတွက် သုံးနှစ်။ နောက် ဦးခင်မောင်ဆွေ ခေါ် တာရက်၊ သူကတော့ ပြစ်မှုပုဒ်မ ၁၅၃ (က)၊ ပြစ်မှု ပုဒ်မ ၅၀၅ (ဂ)-တမှုကို နှစ်နှစ်စီ တပေါင်းတည်း ကျခံစေဆိုတော့ စုစုပေါင်း တပေါင်းတည်း ဆိုတော့ နှစ်နှစ်၊ နောက် ဒေါ်ချိုလေးမာက သူက ၁၅၃ (က) အရ နှစ်နှစ်၊ ပြစ်မှု ပုဒ်မ ၄၃၆/၁၀၉ အတွက် ငါးနှစ်၊ နောက် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး ဥပဒေပုဒ်မ ၂၄(၁) အရ တနှစ်။ ပြစ်မှုတွေကို တပေါင်းတည်း ကျခံစေဆိုတော့ အကုန်လုံးပေါင်းလိုက်ရင် ခြောက်နှစ်။ ဒီအထဲမှာ ကျနော်တို့သိတာက အခု သုံးယောက်က UNHCR ကချည့်ပဲ။”

ထောင်ဒဏ်နှစ်နှစ် အပြစ်ပေးခံရတဲ့ ဦးခင်ရွှေဟာ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFPရဲ့ ဝန်ထမ်းဖြစ်သလိုပဲ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရတဲ့ ဦးခင်မောင်ဟာ UNHCR ကုလသမဂ္ဂ မဟာ မင်းကြီးရုံးရဲ့ ဝန်ထမ်းဖြစ်ပါတယ်။ ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံရသူ နောက်တစ်ဦးကတော့ CSSEPလို့ ခေါ်တဲ့ ရပ်ရွာလူထုဖွံ့ဖြိုးရေးစီမံချက်က မချိုမာ ဖြစ်ပါတယ်။ သူတို့သုံးဦးကို ရှေ့နေရှေ့ ရပ်နဲ့ လျောက်လဲခွင့်မပေးဘဲနဲ့ အပြစ်ပေးခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂဘက်က ပြောခဲ့ပါတယ်။

သီးခြားလွတ်လပ်တဲ့ တရားစီရင်ခွင့် မရတာကြောင့်မို့လို့ ဒီလူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားရော လူ့အခွင့်အရေး အဖွဲ့အစည်းတွေကပါ မြန်မာအစိုးရကို တောင်းဆိုခဲ့ကြတာပါ။ ဒီအဖွဲ့တွေရဲ့ပြောဆိုမူ နောက်တနေ့မှာပဲ သမ္မတရဲ့အမိန့်နဲ့ ဒီလူတွေကို ပြန်လွှတ်ပေးခဲ့တာပါ။ ရခိုင်အရေးအခင်းအပြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အခြားကုလသမဂ္ဂဝန်ထမ်းတွေကိုလည်း ဒီ့မတိုင်ခင်ကတည်းက ပြန်လွှတ်ပြီး ဖြစ်ပါတယ်။
XS
SM
MD
LG