သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့ပြစနစ်ရဲ့ မြေအောက်ဥမင်လှိုင်ခေါင်းများ (၁)


ဝါရှင်တန်ဒီစီ မြို့တော်အတွင်းမှ မြေအောက်ရထားလမ်းနှင့် မြေညီပြင်ပေါ်တက်ရန် အသုံးပြုသည့် စက်လှေခါး။
ဝါရှင်တန်ဒီစီ မြို့တော်အတွင်းမှ မြေအောက်ရထားလမ်းနှင့် မြေညီပြင်ပေါ်တက်ရန် အသုံးပြုသည့် စက်လှေခါး။
ဒီတပါတ်တော့ လူဦးရေတိုးလာနေတဲ့ မြို့ကြီးတွေမှာ မြေအောက်လှိုင်ခေါင်းတွေ ဖေါက်ကြတာတွေနဲ့ ပါတ်သက်ပြီး စင်္ကာပူမှာ မြေအောက်ရထားလမ်း၊ ကားလမ်း တူးဖေါ်ရေး ဆိုင်ရာ လေ့လာနေတဲ့ စင်္ကာပူမြန်မာ ဘူမိဗေဒအသင်း ဥက္ကဌ ဦးကာဝင်းက ပြောပြပေးမှာပါ။

"ကမ္ဘာ့မြို့ကြီးတော်တော်များများမှာ လူဦးရေက တနေ့တခြား တိုးတိုးလာနေတယ်။ နောက် အဆောက်အဦးတွေကလည်း တိုးပွါးလာနေတဲ့အခါကျတော့၊ ဒီအဆောက်အဦးတွေရဲ့ ရေဆိုးပေါ့လေ၊ သုံးရေတွေ၊ သောက်ရေတွေ၊ အဓိကကတော့ အဲဒီ သုံးပြီးသားရေတွေကို အန္တရာယ် ကင်းကင်းနဲ့ အဝေးကိုစွန့်ပစ်ဖို့၊ နောက်တခုက အဲဒီ မြို့ကြီးပြကြီးတွေနဲ့ စက်ရုံအလုပ်ရုံတွေအတွက် ပါဝါsupply ပေါ့ ဒီလျှပ်စစ်လိုင်းတွေကို တိုးချဲ့ပေးဖို့။ နောက်တခုက တချို့မြို့ကြီးတွေ ဆိုရင် သဘာဝဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် အတော်များများက လိုအပ်လာပြီ။ နောက်မြိ့ကြီး တော်တော်များများဟာ၊ အဆောက်အဦးတွေက မြေပေါ်မှာ တော်တော်များများ ဆောက်ထားပြီးပြီဆိုတော့၊ မြေပေါ်မှာ ကားလမ်းတွေ ရထားလမ်းတွေ ဆိုတာ ဖေါက်ဖို့ ဆိုတာ အဆင်မပြေ နိုင်တော့ဘူး။ အဲဒီလိုအခါမှာ ကမ္ဘာ့မြို့ကြီးတော်တော် များများမှာ ဆိုလို့ ရှိရင် အဲဒီဲမြေအောက်ရထားလမ်းတို့၊ မြေအောက်ကားလမ်းတို့၊ နောက်မြေအောက်ရေဆိုးစွန့်ပစ်တဲ့ လိုင်းတို့၊ အင်္ဂလိပ်လိုဆိုရင်တော့ sewage system line တို့၊ နောက် မြို့ ပြင်မှာရှိတဲ့ power supply ဓါတ်အားပေးတဲ့စက်ရုံတွေ ကနေပြီးတော့ power cable ပါဝါကေဘယ်ကြိုးတွေကို အန္တရာယ်ကင်းကင်းနဲ့ လိုအပ်တဲ့ မြို့ထဲက စက်မှုလက်မှု လုပ်ငန်းဇုံတွေ၊ အဆောက်အဦးတွေကို ရောက်ဖို့အတွက် မြေအောက်ကနေ လျှပ်စစ်ကြိုးတွေကို လှိုင်ခေါင်းတွေနဲ့ သွယ်သွားကြတယ်။"

အဲဒါတွေအတွက် လှိုင်ခေါင်းဖေါက်ဖို့ ဆိုတာ အပြင် သဘာဝဘေးအန္တရာယ်ကို ကာကွယ်ဖို့ ဆိုတာရှင်းပြပါအုံး

"တချို့မြို့ကြီးပြကြီးတွေမှာ ဆိုရင် သဘာဝဘေးအန္တရာယ် ကာကွယ်ဖို့ လိုတယ်။ ဥပမာ ဘန်ကောက် လိုမြို့ ဆိုရင် မိုးတွင်းမှာ ရေမလွှမ်းအောင်လို့ ဆိုပြီၤးတော့ သူ့မှာ မြို့လယ်ခေါင်ကနေ ဖြတ်စီးတဲ့ ကျောက်ဖရားမြစ်ကြီးကနေရေကို၊ သူက ရေသိပ်ကြီးတဲ့အခါ မြစ်တခုထဲကနေ ရေကိုမသယ်နိုင်တော့ဘူး။
အဲဒီအခါ ဘေးကိုရေကလျှံတယ်။ အဲဒီရေလျှံတဲ့ ဒါဏ်ကနေ ကာကွယ်ဖို့ ဆိုပြီးတော့၊ မြို့ရဲ့ အထက်မှာ သူက
လှိုင်ခေါင်းကြီးတွေတူးပြီးတော့ ကျောက်ဖရားမြစ်ရဲ့ ရေတွေကို မြေအောက်ကနေသွယ်၊ မြေအောက်ကနေဖြတ်ပြီးတော့ မြို့ပြင်တောင်ဘက်ကျမှ ပင်လယ်မရောက်ခင်မှာ သူကမြေပေါ်ကို ပြန်ထုတ်ပြီးတော့ အဲဒီ ပင်လယ်ထဲကို စွန့်ပစ်တယ်။
အဲဒါကြောင့် မို့ မြေအောက် tunneling ပေါ့ မြေအောက် လှိုဏ်ခေါင်း တူးတဲ့လုပ်ငန်း တွေနဲ့ မြေအောက် underground space ပေါ့ မြေအောက် မှာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ နေရာ ထိုင်ခင်းတွေ ဆောက်လုပ်ဖို့ပေါ့။ အဲဒီလုပ်ငန်းက တော်တော်များများ လိုအပ်လာပြီ။

မြေပေါ်မှာ နေရာ မရှိတဲ့အတွက် မြေအောက်မှာ လှိုဏ်ခေါင်းတွေ ဖေါက်တဲ့ နေရာမှာ ဘယ်အချက်တွေက အရေးပါတယ်လို့ ပြောနိုင်ပါလဲ

အဲဒီလို မြေအောက် tunneling တွေ လုပ်မယ် ဆိုရင် အခုအချိန်မှာ မြို့ကြီး ပြကြီးတွေ မှာဆိုရင် master planning ဆိုတာကို လုပ်ရပါတယ်။ master planning လုပ်တယ် ဆိုလို့ရှိရင် ဥပမာ မီးရထားလမ်းက ဘယ်နေရာ က သွားမယ်။ ကားလမ်းက ဘယ်နေရာက သွားမယ်။ sewage ရေဆိုးထုတ် ပိုက်တွေက ဘယ်နေရာကသွားမယ်၊ ပါဝါ supply cable တွေက ဘယ်နေရာက သွားမယ်ဆိုတာ town plan မြို့ပြစီမံကိန်းကိုပါ တခါထည်း ချရတယ်။
ဆိုလိုတာက ရထားလမ်းနဲ့ ကားလမ်းက နဲနဲ တိမ်တဲ့ နေရာမှာ ဖေါက်လို့ ရတယ်။ ဘာလို့လည်း ဆိုတော့ လူတွေရဲ့ အတက် အဆင်းဆိုတာက ရှိမှာကိုး။ ဘာလို့လဲဆိုတော့ ဘူတာရုံတွေကနေ တက်ဆင်းမယ် ဆိုတော့ များသောအားဖြင့် ဆိုရင် အဲဒီ ရထားလမ်း ကားလမ်းက မီတာ ၂၀- ပေ ၅၀ ပါတ်ဝန်းကျင်မှာ ချတယ်။ နောက်တခုက sewage ရေဆိုးထုတ် လိုင်းတွေနဲ့ ပါဝါ လိုင်းတွေကျတော့ အန္တရာယ် ကင်းအောင် ဆိုပြီးတော့ နဲနဲ ပိုနက်အောင် ထားတယ်။ အဲဒီလိုင်းတွေကတော့ မီတာ ၄၀- မီတာ ၆၀ ပေါ့ ဆိုလိုတာက ပေ ၁၅၀ ပေ ၂၀၀ လောက် မှာ ထားတယ်။ ဒါတွေက နဂိုကတည်းက မြို့ပြရဲ့ စီမံကိန်းမှာ ကတည်းက တခါထဲပဲ လိုင်းတွေ ဘာတွေ ဆွဲထားရတယ်။

မီးရထားလမ်းဖေါက်မယ် ဆိုရင် ဘာကိုစလုပ်ရပါလဲ

မီးရထားလမ်းတွေ ဖေါက်မယ် ဆိုရင် မထမဆုံး လမ်းအူကြောင်း ကို အရင် ရွေးရတယ်။ အဆောက်အဦး တွေကလည်း မြေပြင်ပေါ်မှာ ရှိနေပြီ ဆိုတော့ မီးရထားလမ်းကို ဘယ်ကနေ ဘယ်သွားမယ် ဆိုတာ အရင် စဉ်းစားရ တော့မယ့်။ အဲဒီတော့ စဉ်းစားရင် များသောအားဖြင့် မီးရထား လမ်းတွေဟာ အဆောက်အဦးတွေ အောက်ကနေ လွတ်အောင် ဆိုပြီးတော့ သူက လက်ရှိ ရှိနေတဲ့ ကားလမ်း တွေနဲ့ နောက်တခုက မြို့ထဲမှာ ဆိုရင် ဥပမာ မြောင်းတွေ canal တွေ ရှိတယ် ဆိုရင် အဲဒါတွေ ရဲ့ အောက်ကနေ အဓိကထား သွားတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ တော်တော်များများ မြိုံ့ကြီးတွေ မှာ ရှိတဲ့ အဆောက်အဦးတွေဟာ ဖေါင်ဒေးရှင်း တွေပေါ့။ သူတို့ရဲ့ အဆောက်အဦးရဲ့ ဖေါင်ဒေးရှင်းတွေက ရှိနှင့်တော့၊ အဲဒီ အဆောက်အဦး အောက် တည့်တည့်ကနေ လှိုင်ခေါင်း တူးရင် အပေါ်က အဆောက်အဦးတွေ ပြိုမှာ ကြောက်ရတယ်။ အဲဒါကြောင့် ပါတ်ဝန်းကျင်ကိုလည်း မထိခိုက်အောင် လမ်း အူကြောင်းကို ရွေးတဲ့ နေရာမှာ များသောအားဖြင့် လက်ရှိ လမ်းတွေ၊ ကားလမ်းတွေ၊ ချောင်းတွေ၊ မြောင်းတွေရဲ့ အောက်မှာ ဖေါက်ရတယ်။

အဲဒီလို လမ်းအူကြောင်း ရွေးတာက ဘူတာရုံတွေ အတွက် ဆိုရင်ကော

မီးရထား ဘူတာ ဆောက်ဖို့ အတွက်ဆိုရင်လည်း ဒါ အဲဒီနေရာမှာ နေရာ ဧရိယာ ကျယ်ကျယ် ဝန်းဝန်း ရှိရမယ်။ ဆိုလိုတာက အဲဒီနေရာမှာ နဂိုကတည်းက လူမနေတဲ့ အဆောက်အဦး၊ လူမနေတဲ့ ကွက်လပ် နေရာ တွေ ရှိတယ် ဆိုရင် အဲဒီနေရာတွေကို အဓိကထားပြီးတော့ မြေအောက် ဘူတာရုံတွေ အနေနဲ့ ရွေးတယ်။ တချို့ဆိုရင် တကယ်လို့ ရွေးစရာ လမ်း မရှိဘူး ဆိုရင်တော့ တချို့ အဆောက် အဦးတွေကို အစိုးရဆီက လျှော်ကြေးပေးပြီးတော့၊ လူတွေကို ဖယ်ပြီးတော့ မြေအောက် ဘူတာရုံကို ဆောက်ရ တာပေါ့။ အဲဒီ် တော့ ဘူတာရုံတွေကလည်း တနေရာနဲ့ တနေရာ သိပ် ဝေးလို့ မရဘူး ပေါ့လေ။ အဆင်ပြေတဲ့ နေရာမှာ မီတာ ၈၀၀- ၉၀၀ ဘူတာရုံ တခုနဲ့ တခု ခွါထားမယ် ဆိုရင် အဲဒီဘူတာ တွေကို ဆောက်ဖို့ သင့်တင့် တဲ့ နေရာ အကျယ်အဝန်း ရှိတဲ့ လမ်း အူကြောင်းတွေကို ရွေးရမယ်။

ဦးကာဝင်းပါ။ ဒီလမ်း အူကြောင်းကို ဆောက်လုပ်ရေး ဒါမှမဟုတ် လမ်းပမ်း ဆက်သွယ်ရေး ဌာနတွေကနေ တာဝန်ယူပြီး ရွေးချယ် ကြတာပါ။ ဒီလို ရွေးချယ် ပြီးမှ တူးမယ့် မြေသားဟာ မြေအောက် လှိုဏ်ခေါင်း ဖေါက်ဖို့ အတွက် သင့်မသင့် ဘူမိဗေဒ ဆိုင်ရာ စမ်းသပ်မှုတွေ၊ စစ်ဆေးမှုတွေကို အဆင့်ဆင့် လုပ်ကြရပါတယ်။
ရှေ့ တပါတ်မှာတော့ မြန်မာနိုင်ငံ မြို့ကြီးတွေ အတွက် မြေအောက် လှိုဏ်ခေါင်း တူးဖေါ်ရေးမှာ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ပြီး ကြည့်နိုင်ဖို့ အတွက် ပြောပြပေးမှာပါ။
XS
SM
MD
LG