သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာတွေ ဘက်မလိုက်ဖို့ ဝန်ကြီးပြောကြား


ဒီမိုကရေစီစနစ်ဆီကို အသွင်ကူးပြောင်းနေတဲ့မြန်မာနိုင်ငံမှာ နိုင်ငံရေးရာတွေကို ဘယ်မလိုက်တင်ပြနိုင်ဖို့ အရေး ကြီးတယ်လို့ ပြန်ကြားရေးဒုဝန်ကြီးက ပြောလိုက်ပါတယ်။ ကမ္ဘာ့စာနယ်ဇင်း လွှတ်လပ်ခွင့်နေ့ကို ကုလသမဂ္ဂရဲ့ UNESCO အဖွဲ့နဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ ပထမဆုံး လုပ်တဲ့စာနယ်ဇင်းလွှတ်လပ်ခွင့်နေ့မှာ ဒုဝန်ကြီး ဦးစိုးဝင်းက ပြောခဲ့တာဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ သတင်းတွေကို ဘက်မလိုက် တင်ပြနိုင်တဲ့အခြေအနေ တကယ်ပဲရှိနေပါပြီလား စုံစမ်းထားတဲ့ မစုမြတ်မွန်ရေ ပြောပြပါဦး။

စာနယ်ဇင်းလွတ်လပ်ခွင့်ရဲ့ အရေးပါမှု၊ စာနယ်ဇင်းသမားတွေကို ကာကွယ်ဖို့ လိုတယ်ဆိုတာ အမှတ်ရစေဖို့ လို့ဆိုပြီး မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ဒီကနေ့ ပထမဆုံးအကြိမ် လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ အချိန်မျိုးမှာ နိုင်ငံ့အရေးနဲ့ဆိုင်တဲ့ သတင်းတွေကို ဘက်မလိုက် ဖေါ်ပြနိုင်ဖို့ လိုအပ်တယ်လို့ ဒီအခမ်းအနားမှာ ပြန်ကြားရေး ဒုတိဝန်ကြီး ဦစိုးဝင်းက ခုလိုပြောသွားပါတယ်။

"ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတည်ဆောက်ရေး ဖော်ဆောင်နေတဲ့ အချိန်မျိုးမှာ စာနယ်ဇင်းများ အနေနဲ့ နိုင်ငံ့ရေးရာနဲ့ ပတ်သက်ပြီး ဘက်မလိုက်ပဲ ဒါမှ ဓမ္မဓိဌာန် ကျကျ တင်ပြနိုင်ဖို့၊ အရေးကိစ္စအားလုံးကို ဘက်စုံ၊ ဒေါင့်စုံက သုံးသပ် တင်ပြနိုင်ဖို့၊ သတင်း အချက်အလက်များကို ထိန်ချန်ခြင်း မပြုဖို့ အလွန် အရေးကြီးပါတယ်။"

ခုလို သတင်းတင်ပြမှုတွေမှာ ဘက်မလိုက်မဖို့ အရေးကြီးတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီးကပြောခဲ့တော့ လက်ရှိ မြန်မာနိုင်ငံက စာနယ်ဇင်းသတင်းထုတ်ပြန်မှုပိုင်းမှာ ဘက်မလိုက် လွတ်လွတ်လပ်လပ် ထုတ်ပြန်နိုင်တဲ့ အခြေအနေကို ရနေပါပြီလား။ ပြည်တွင်း အပါတ်စဉ်ထုတ် Weekly 11 ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုး ကတော့ ဘက်မလိုက် သတင်း ထုတ်ပြန်နိုင်ဖို့၊ ဘက်မလိုက်တဲ့ အခြေအနေ ရဖို့လိုအပ်တယ်လို့ ပြောပါတယ်။

"မီဒီယာဆိုတာ ဘက်မလိုက်ရဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မီဒီယာတွေအနေနဲ့ မှန်တဲ့ဘက်ကိုတော့ လိုက်ရမှာပါ။ ပြည်သူ လူထုအတွက် မှန်တဲ့ဘက်မှာ ရှိရမှာပါ။ နောက်တခုက ကျနော်တို့ကို ဘက်မလိုက်ဖို့၊ ဒါမှဟုတ်လို့ရှိရင်လည်း ဘက်မလိုက်ဖို့ လိုတယ်ဆိုလို့ ရှိရင်၊ ကျနော်တို့ လုပ်ဆောင်နေတဲ့ ကျနော်တို့ရဲ့ အနေအထားတွေမှာ ကျနော်တိုရဲ့ ဒီလိုမျိုး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တွေမှာ ဘက်မလိုက်တဲ့ အနေအထားတခု၊ အဝန်းအဝိုင်းတခု ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလိုတွေရှိရင် ပိုပြီး ကောင်းမွန်ပါမယ်။ ကျနော်တို့နိုင်ငံရဲ့ လက်ရှိ မီဒီယာ လွှတ်လပ်ခွင့် အနေအထားက ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာ အခု နိုင်ငံတကာက ကျနော်တို့နိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့်ကို သတ်မှတ်တဲ့ အဆင့်တွေကို ကြည့်လိုက်လို့ရှိရင် အဲဒီမှာ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိအနေထား အဖြေက ရှင်းသွားပါလိမ့်မယ်။"

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း သတင်းထိန်းချုပ်မှုကို အရင်ကထက် လျှော့ပေါ့မှုတွေ လုပ်ပေးလာနေပေမဲ့ အပြည့်အဝ လွတ်လပ်မှု ရရှိဖို့ မြန်မာနိုင်ငံမှာ လိုအပ်နေသေးတယ် ဆိုတာကို နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်နေကြတဲ့ အဖွဲ့ အစည်းတွေက ထောက်ပြနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးဆိုတဲ့ အဖွဲ့မျိုးတွေ ရှိနေသရွေ့ သတင်းတွေကို လွတ်လွတ်လပ်လပ် မျှမျှတတ ထုတ်ပြန်နိုင်ဖို့ မေးခွန်းထုတ်စရာ ဖြစ်နေသေးတယ်လို့
ပြည်တွင်း သတင်းသမားတွေက ထောက်ပြနေကြပါတယ်။

ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ UNESCO အဖွဲ့တို့ ပေါင်းလုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းမှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သတင်း လွတ်လပ်ခွင့်တွေကို ကျင့်သုံးနိုင်ဖို့အတွက် ပုံနှိပ် မီဒီယာ ဥပဒေကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ UNESCO အဖွဲ့ အပြင်၊ သတင်းပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲနေတယ် ဆိုတဲ့အကြောင်းလဲ ဒုဝန်ကြီးက ပြောသွားပါတယ်။ သတင်းသမားတွေ သတင်းယူတဲ့အခါမှာ အထောက်အကူဖြစ်စေဖို့ အချက်တွေကိုလဲ ဒီဥပဒေကြမ်းထဲမှာ ထည့်သွင်း ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ဆီသွားနေချိန်မှာ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ် ဆိုတာကိုတော့ ဒုဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာ အသိအမှတ်ပြုထားပါတယ်။

"ဒီကနေ့ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာပြီး ဒီမိုကရေစီစနစ် ကျင့်စဉ်များကို အနှစ်သာရ ရှိရှိ၊ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်သည့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးတွေမှာ ကျနော်တို့အားလုံး ရပ်တည်ရမယ့် ဘုံရပ်တည်ချက်၊ တနည်းအားဖြင့် အမျိုးသား အကျိုးစီးပွားများပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စာနယ်ဇင်းသမားများအနေနဲ့ ဒီအမျိုးသားအကျိုးစီးပွား အခြေခံပေါ်မှာ ရည်တည်ပြီး စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူလူထုသာမက အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။"

သတင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့ အတတ်ပညာတွေ တိုးတက်ရေး လုပ်သွားနိုင်ဖို့အတွက်လဲ လွတ်လပ်တဲ့ စာနယ်ဇင်းကောင်စီကို ဖွဲ့စည်း နိုင်ဖို့ လိုအပ်တဲ့အချက်တွေကို ပုံနှိပ် မီဒီယာ မူကြမ်းထဲမှာ ထည့်ထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို လွတ်လပ်တဲ့ သတင်းစာဆရာ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းတွေ အဖြစ် ပြန်လည်ဖွဲ့နိုင်ဖို့ ပြန်ကြားရေးဌာနက အကူအညီ ပေးနေပါတယ်လို့လဲ ဆိုပါတယ်။ ဒါ့အပြင် အွန်လိုင်းမီဒီယာတွေကို သမရိုးကျ မီဒီယာတွေ နည်းတူ သတ်မှတ်ဖို့ကိုလဲ စဉ်းစား ဆောင်ရွက်နေပါတယ်လို့ ဆိုတော့ ဒါဟာ အွန်လိုင်းမီဒီယာတွေ တိုးတက်လာဖို့အတွက် အားတက်စရာဖြစ်တယ်လို့ Yangon Press International အွန်လိုင်းမီဒီယာ အယ်ဒီတာ ကိုမြင့်ကျော်က မြင်ပါတယ်။

"အွန်လိုင်းက မယုံရတဲ့ သတင်းတွေလို့ တခါတလေ တချို့ အစိုးရ ဝန်ကြီးဌာနက လူတွေပြောတာတွေ ရှိတယ်။ တချို့ မီဒီယာအကြောင်းကို သိပ်ပြီးတော့ ဂဃနဏ မသိလို့ ပြောတာတွေ ရှိပါတယ်။ မီဒီယာတခုအနေနဲ့ လုပ်ပြီဆိုရင်တော့ အွန်လိုင်းကလည်း သူလည်း တခြား ဂျာနယ်လို၊ သတင်းစာလိုပဲ တာဝန်ယူရတာပဲလေ။ ရေးတဲ့ဟာကို ချက်ချင်း တင်ပြနိုင်တာတော့ အခွင့်အရေးပိုရတယ်။ ဒါပေမယ့် တချို့ အင်ဖော်မေးရှင်းတွေ (သတင်းအချက်အလက်တွေ) ရဖို့ အနေအထားမှာကျတော့ တချို့နေရာတွေမှာ
အခက်အခဲတွေ ရှိနေတတ်ပါတယ်။ အဲဒီလိုမျိုးပိုင်းမှာကျတော့ ဟို တရားဝင်ဖြစ်လာတာက ကောင်းတဲ့ အလားအလာလို့ပဲ ကျနော်တို့ ပြောရမယ် ထင်ပါတယ်။"

မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိန်းအမှတ် အခမ်းအနားမှာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိနိုင်ရေးအတွက် ဥပဒေတွေ၊ ပြဌာန်းချက်တွေကို ချမှတ်နိုင်ဖို့ အစိုးရက ဆောင်ရွက်နေတဲ့ အကြောင်းတွေကို ဒုတိယဝန်ကြီး ဦးစိုးဝင်းက ပြောသွားပါတယ်။ သတင်းသမားတွေကတော့ လက်တွေ့ သတင်းရယူ တင်ပြနိုင်မှု အပိုင်းမှာ အခုထက် လုပ်ပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ပိုရဖို့ အရေးကြီးတယ်လို့ ပြောနေကြပါတယ်။

XS
SM
MD
LG