သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်သေဆုံးမှု လျော့ကျရေး UNICEF နဲ့ မြန်မာအစိုးရ ပူးပေါင်း ဆောင်ရွက်မည်


မိခင်ကလေး ကျမ်းမာရေးစောင့်ရှောက်မှု( Unicef Myanmar)
မိခင်ကလေး ကျမ်းမာရေးစောင့်ရှောက်မှု( Unicef Myanmar)
မြန်မာနိုင်ငံမှာ ၅ နှစ်အောက်ကလေး သေဆုံးမှုနှုန်း မြင့်မားဆဲဖြစ်ပြီး၊ ဒီနှုန်းကို ကျဆင်းစေဖို့ဆိုရင် အာဟာရချို့တဲ့မှု ပြဿနာကို အဓိကဖြေရှင်းဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂ က သတ်မှတ်ထားတဲ့ အတိုင်းအတာကို ရောက်ဖို့ကတော့ မဖြစ်နိုင်ပေမဲ့ မြန်မာအစိုးရနဲ့အတူ အရှိန်မြှင့် လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ် လို့လည်း ဆိုပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အဟာရဓာတ် ချို့တဲ့မှုကြောင့် ၅ နှစ်အောက် ကလေး သေဆုံးမှုနှုန်း မြင့်မားနေဆဲဖြစ်ပြီး၊ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် UNICEF ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့နဲ့အတူ မြန်မာအစိုးရက ဒီနှစ်မှာ သန္ဓိဌာန်ချ ဆောင်ရွက်နေတယ်လို့ UNICEF ရဲ့ အာဟာရ ပညာရှင် ဒေါက်တာ ကျော်ဝင်းစိန် က ဗွီအိုအေကို ပြောပါတယ်။

ဒီကနေ့ ကြာသပတေးနေ့ကစပြီး နေပြည်တော်မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ၅ နှစ်အောက် ကလေး အဟာရချို့တဲ့မှုနှုန်း ကျဆင်းရေး အစီအစဉ် ဆွေးနွေးပွဲ ကို UNICEF တာဝန်ရှိသူတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ NGO တွေနဲ့ ဒီအစီအစဉ် ကို ကူညီမယ့် အလှူရှင်တွေပါ တက်ရောက် ဆွေးနွေးနေကြ တာပါ။ လောလောဆယ် မှာတော့ - ၅ နှစ်အောက် ကလေး အဟာရချို့တဲ့မှုနှုန်း ကျဆင်းဖို့အတွက်ကို နည်းဗျူဟာ ၂ ခုနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ UNICEF ရဲ့ အဟာရပညာရှင် ဒေါက်တာ ကျော်ဝင်းစိန် အခုလို ပြောပါတယ်။

"တစ်ခုက ဘာလဲဆိုရင် လွှမ်းခြုံမှု၊ ဒီလွှမ်းခြုံမှုက မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၃၃၀ရှိတယ် အကုန်လုံးကို ရောက်စေချင်တယ်။ တနိုင်ငံလုံး လွှမ်းခြုံမှုရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုရှိတယ်။ နောက်တခုက ဘာလဲဆိုတော့ တချို့ အာဟာရနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေက ဥပမာ ထားပါတော့ ဆန်မှာ သတ္တုဓာတ်နဲ့ ဗိုက်တာမင်ကို ထည့်တယ်။ အဲ့ဒီ့မှာ ထည့်လိုက်ရင် ဒီအာဟာရချို့တဲ့မှုကို ကာကွယ်နိုင်မလား၊ အဲ့လိုမျိုး လုပ်ဆောင်မှုလေးတွေလည်း ရှေ့ဆက်ပြီးတော့ လုပ်ဖို့အတွက် ဒါတွေ ဆွေးနွေးကြတယ်လေ။ ငါးနှစ်အောက် ကလေးသေနှုန်းက မြန်မာနိုင်ငံ မှာ လျော့ချဖို့ အတွက်ဆိုရင် အာဟာရက ထိပ်ဆုံးမှာ ပါတယ်။ ဒီအာဟာရကို မလျော့ချဘဲနဲ့ဆိုရင် ငါးနှစ်အောက်သေနှုန်းကို လုံးဝ မချနိုင်ဘူး။ ဒါကြောင့်မို့ ဒါကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေတာ။"

UNICEF နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းကောက်ယူထားတဲ့ စစ်တမ်းတွေအရ - မြန်မာနိုင်ငံမှာ အဟာရဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ရတဲ့ အရပ်ပုတဲ့နှုန်းက ၃ ယောက်မှာ ၁ ယောက်၊ သွေးအားနည်းတဲ့နှုန်းကလည်း ၅ နှစ်အောက်ကလေး ၁၀၀ မှာ ၇၀ ကျော်၊ ၂ နှစ်အောက်ဆိုရင် ၈၀ ကျော်လောက်ရှိပြီး၊ ဗီတာမင် ဓာတ်ချို့တဲ့မှုကြောင့် သူငယ်နာရောဂါဖြစ်သူတွေ လည်း တော်တော်များများရှိတယ်လို့ ဆိုပါတယ်။

ဒါဟာဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေအတွင်း ကမ္ဘောဒီးယားနဲ့ အရှေ့တိမောနိုင်ငံတွေပြီးရင် မြန်မာနိုင်ငံက တတိယအဆင့်မှာ ရှိနေတာဖြစ်တယ် လို့ UNICEF က ဆိုပါတယ်။ ဒီနှုန်းကို ကာလတို ၂ နှစ် စီမံကိန်း ချပြီး ၂၀၁၅ ခုနှစ်မှာ အတိုင်းအတာတခုထိ ကျဆင်းသွားဖို့အတွက် UNICEF က မူလရည်မှန်းထားပေမဲ့ - မဖြစ်နိုင်ဘူးလို့ ဒေါက်တာ ကျော်ဝင်းစိန် က ဆက်ပြောပြပါတယ်။

"သူ့ Trend ကိုကြည့်မယ်ဆို တဖြေးဖြေးနဲ့ကျလာတယ်။ ၂၀၁၅မှာ လိုအပ်တဲ့ ရည်မှန်းချက် ကတော့ မရောက်ဘူး။ ဒါကြောင့်မို့ အရှိန်အဟုန်မြှင့်ရတော့မယ်။ ၂၀၁၅ရောက်တော့မယ်လေ။ NDG Goals (The Millennium Development Goals) ရောက်တော့မယ်လေ။ ထောင်စုနှစ် ရည်မှန်းချက်ဆိုပြီး လုပ်ထားတာလေ။ အဲ့တာ ရောက်တော့မယ်ဆိုတော့ အရှိန် အဟုန်မြှင့်ဆောင်ရွက် မှပဲ အခုက ၂၀၁၄ အစဖြစ်နေပြီ ၂၀၁၆အထိ ဆွဲထားတယ်။ အခုက Shorten Plan ကို နှစ်နှစ်စာ ဆွဲထားတယ်။ အဲ့ဒီ့ကာလတို နှစ်နှစ်မှာတော့ အရပ်ပုတဲ့နှုန်းချတာတို့၊ ပိန်တဲ့နှုန်းချတာတို့၊ နောက် မိခင်နို့တိုက်ကျွေးမှုနှုန်းကို ဘယ်လောက် ရာခိုင်နှုန်းမြင့်တက်မယ်။ အရည်အချင်းပြည့်မှီတဲ့ ဖြည့်စွက် စာတွေကို ဘယ်လိုကျွေးမယ်။အဲ့တာတွေကိုတော့ Target ထားတယ်။ ဗိုက်တာမင်အေ ချို့တဲ့မှုနှုန်းကို ပပျောက်အောင် သူ့ရာခိုင်နှုန်းအလိုက် ချဖို့ လုပ်ထားတယ် အဲ့တာတွေ။"

အခုလို ၅ နှစ်အောက် ကလေး အဟာရချို့တဲ့မှု ဖြစ်ရတဲ့ ပြဿနာဟာ နိုင်ငံရဲ့ ဆင်းရဲမှု၊ စီးပွားရေး ချွတ်ခြုံကျမှု တခုတည်းကြောင့် မဟုတ်ဘူးဘဲ၊ တခြား အယူအဆ၊ အမူအကျင့်တွေနဲ့လည်း သက်ဆိုင်သလို၊ ဖြစ်တဲ့ကလေး အများစုဟာ ဆိုရင်လည်း သိပ် မဖွံ့ဖြိုးတဲ့ နယ်ဒေသတွေက ကလေးတွေဖြစ်တယ် လို့ ဒေါက်တာ ကျော်ဝင်းစိန်က ဆက်ပြောပြပါတယ်။

"ဥပမာအနေနဲ့ပြောမယ်နော်၊ အဓိက ဖြစ်ရတဲ့ ပြဿနာတခုက မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်အများစုက အစားရှောင်ကြတယ်။ အစားရှောင်တဲ့ အတွက် သူတို့က ဗိုက်တာမင် B1 ဓာတ်ကို ပြည့်ပြည့်ဝဝ မရတော့ဘူး။ မရတဲ့အခါ ကလေးဆီ မရောက်တဲ့အခါမှာ တစ်နှစ်အောက် ကလေးတွေ တော်တော် များများသေ တယ်။ ဒါဟာ ဒီအမူအကျင့်နဲ့ ပတ်သက်တာပေါ့။ တကယ်ဆို အာဟာရချို့တဲ့တယ်ဆိုတာ အဓိကပြော မယ်ဆိုရင် အကြောင်း သုံးချက်ကတော့ အဓိကပေါ့။ နံပတ် ၁က အစားအသောက်၊ နံပတ် ၂အချက်က ရောဂါဘယ၊ကလေးတွေက ဝမ်းသွားမယ်။ အဆုတ်ရောဂါဖြစ်မယ်။ တခြား ဌက်ဖျားဖြစ်မယ်ဆိုရင် ဒါအာဟာရချို့တဲ့မှာပဲ ဒါပေမဲ့ တချို့ဒေသတွေမှာ စားနပ်ရိက္ခာလည်းရှိတယ်။ ရောဂါလည်းမဖြစ်ဘူး။ ခုနကပြောတဲ့ အမူအကျင့်တွေက မပြောင်းနိုင်ဘူးဆိုရင်တော့ အာဟာရချို့တဲ့မှုတွေက ဖြစ်နေတယ်။"

ဒါကြောင့် သူတို့အနေနဲ့ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ မြို့ပေါင်း ၃၃၀ လုံးကို လွှမ်းခြုံပြီး ဆောင်ရွက်သွားဖို့ စီစဉ်ထားသလို၊ မြန်မာအစိုးရကလည်း ဒီကိစ္စအတွက် အသုံးစရိတ်ကိုလည်း အရင်နှစ်တွေကထက် ပိုမို သုံးစွဲလာတယ် လို့ သိရပါတယ်။
XS
SM
MD
LG