သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စု အင်္ဂါစဉ်သစ်အပေါ် အမြင်တချို့


သမ္မတ ကျမ်းကျိန်ပွဲတွင် သမ္မတသစ်၊ ဒုသမ္မတများ နဲ့ ဒေါ်အောင်ဆန်းစုကြည်။ ( မတ် ၃၀၊ ၂၀၁၆)
သမ္မတ ကျမ်းကျိန်ပွဲတွင် သမ္မတသစ်၊ ဒုသမ္မတများ နဲ့ ဒေါ်အောင်ဆန်းစုကြည်။ ( မတ် ၃၀၊ ၂၀၁၆)

နိုင်ငံတော် အာဏာထိပ်ပိုင်းမှာ တာဝန်ယူထားသူတွေရဲ့ ရာထူးအစဉ် အလိုက် ဖေါ်ပြထားတဲ့ ပြည်ထောင်စုအင်္ဂါစဉ်ကို မနေ့က နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်အရ သမ္မတ ဦးထင်ကျော်က နံပါတ် (၁) အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နံပါတ် (၂) ပြီးမှ ဒုသမ္မတ နှစ်ဦးက အစဉ်လိုက်ရှိနေပါတယ်။ ထူးခြားချက်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က နံပါတ်(၈)နေရာမှာ ရှိနေတာဖြစ်ပါတယ်။ ပြည်ထောင်စု အင်္ဂါစဉ်ကြောင့် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကြား ယုံကြည်မှု တည်ဆောက်ရေး ထိခိုက်စေမလား။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ကတော့ ပြည်ထောင်စု အင်္ဂါစဉ်ဟာ နိုင်ငံတော်ခမ်းအနားတွေမှာ နေရာထိုင်ခင်း သတ်မှတ်မှု အဆင်ပြေအောင် လုပ်တဲ့ သဘောသာဖြစ်တယ်လို့ ယူဆကြောင်း အခုလိုပြောပါတယ်။

"နေရာချထားတဲ့အခါမှာ ဒါတွေကိုသုံးတာပဲ တွေ့တယ်လေ။ ထူးထူးခြားခြား လစာတို့ အကျိုးခံစားခွင့်တို့ ဘာတို့တော့ ဒီလိုဟာမျိုးတော့ ကျနော်လည်း မတွေ့ဘူး။"

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နံပတ်(၈) နေရာ ရောက်သွားတဲ့အခါကျတော့ ပြည်ထောင်စုအင်္ဂါစဉ် ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ တပ်မတော်ဘက်က ငြိုငြင်စရာ များ ဖြစ်လာနိုင်မလား ဆိုတဲ့ စိုးရိမ်မှုတွေအပေါ်မှာရော ဘယ်လိုမြင်လဲရှင့်။

" ဒါကတော့ ကျနော်တို့လည်း သိပ် မသိဘူးပေါ့လေ။ အရင်တုန်းက ကျျနော်ကြုံဖူးတဲ့ အခမ်းအနားတွေမှာကျတော့ သမ္မတ၊ ဒုသမ္မတတွေ လာတယ်။ ပြီးတော့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေ ပြီးရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို နေရာချထားပေးတာမျိုး တွေ့ပါတယ်။ အခုတော့ နံပါတ်(၈)ကို ရောက် သွားတဲ့ အတွက်တော့ ဘယ်လို အနေအထားရှိမယ်ဆိုတာကို ကျနော်တို့ သိပ်ပြောဖို့ခက်ပါတယ်။"

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်၊ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းကတော့ ပြည်ထောင်စုအင်္ဂါစဉ်ကိစ္စကို တပ်မတော်နဲ့ ကြိုတင်ညှိနှိုင်းပြီး ဆောင်ရွက်တာဖြစ်မယ်လို့ယူဆကြောင်း အခုလိုပြောပါတယ်။

"ကျနော်ထင်တယ်။ အဲ့ဒီ့ဟာကတော့ သူတို့ တွေ့ဆုံညှိနှိုင်းပြီးမှာတော့ သူတို့ဆောင်ရွက်တယ်လို့ပဲ ကျနော်မြင်တယ်လေနော့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ယခင်က မရှိဘူးတဲ့ အဲ့ဒီ့အတိုင်ပင်ခံဆိုတာ အခု အတိုင်ပင်ခံရှိလာတယ်ပေါ့ဗျာ။ နောက် ဒီလွှတ်တော်အပိုင်းကလည်း ဖြစ်လာတယ်။ တပ်ပိုင်းဆိုင်ရာကလည်း သူတို့ဖော်ပြလာတယ်ပေါ့။ သူတို့ နဂိုကတည်းက သဘောတူညီချက်နဲ့ လုပ်တယ်လို့ပဲ ကျနော်မြင်ပါတယ်။"

ဒါပေမဲ့ မြန်မာ့အရေးသုံးသပ်သူ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg ကတော့ ဒီပြည်ထောင်စုအင်္ဂါစဉ်အသစ်ကြောင့် တပ်မတော်ဘက် ငြိုုငြင်စရာဖြစ် လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"ဒီလိုပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ထားတယ်ဆိုတာ လူမှုရေး နိုင်ငံရေးအရ အဆင့်ဆင့် ဆက်ဆံရာမှာ လွယ်ကူစေဖို့ရည်ရွယ်တဲ့ လုပ်ရိုးလုပ်စဉ် တရပ်ပါ၊ အခက်ကြုံစေဖို့ မဟုတ်ပါဘူး။ လက်ရှိမြန်မာနိုင်ငံမှာ အရေးအကြီးဆုံးက အသွင်ကူးပြောင်းရေး အဆင်ပြေချောမွေ့ဖို့ဖြစ်ပါတယ်။ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့NLD အစိုးရတို့အကြား ယုံကြည်မှုဖြစ်ထွန်းရေး သိပ်ကိုအရေးကြီးပါတယ်။ ဒါပေမဲ့ အခုလုပ်လိုက်တဲ့ ကိစ္စတော့ ယုံကြည်မှု ဖြစ်ထွန်းနိုင်မယ့်အခြေအနေ တစုံတရာ မတွေ့ရပါဘူး။"

ဒါအပြင် တပ်မတော်နဲ့ NLD အစိုးရကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရမှာ စိန်ခေါ်မှုတွေ တွေ့လာနိုင်တယ်လို့ ပါမောက္ခ Steinbergက အခုလို ဆက်ပြောပါတယ်။

"တွေ့လာရမယ့် စိမ်ခေါ်မှုတွေကိုပြောရရင် စစ်တက်ကလဲ သူတို့ရသင့်တဲ့ အခန်းကဏ္ဍကို သူတို့ရရှိစေရမယ်၊ NLD နဲ့အရပ်သားတွေ ကလဲ ရွေးကောက်ပွဲနိုင်သူတွေ အဖြစ် သူတို့ရသင့်တဲ့ အခန်းကဏ္ဍကို သူတို့ ရရှိရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်နေရင် အငြင်းအခုံတွေကတော့ ရှိနေမှာပါပဲ။ ဒါပေမဲ့ ဒီအငြင်းပွါးမှုတွေဟာ အကျိုးဖြစ်ထွန်းစေတဲ့ အငြင်းပွါးမှုဖြစ်ဖို့ အပြန်အလှန် ယုံကြည်မှု ရှိဖို့လိုအပ်ပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့အောင်မြင်မှုကိုလည်း တဖက်က အသိအမှတ်ရမယ် ။ စစ်တပ်ရဲ့အခန်းကဏ္ဍကိုလဲ NLD ဘက်က အသိအမှတ်ပြု ရမှာဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့သာ ယုံကြည်မှုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အခုလိုကြေညာချက်မျိုးနဲ့ မဖြစ်နိုင်ပါဘူး။"

သမ္မတရုံးရဲ့ Facebook စာမျက်နှာမှာ မနေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက် မှာတော့ ပြည်ထောင်စု အင်္ဂါစဉ်စာရင်းကို ရာထူးအစဉ်လိုက် (၃၈)နေရာဖေါ်ပြထားပါတယ်။

XS
SM
MD
LG