သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် စစ်သတင်းထောက်ဆု မြန်မာဓာတ်ပုံဆရာ ရရှိ


ဘိုင်ယူး စစ်သတင်းထောက်ဆု ရရှိတဲ့ မြန်မာဓာတ်ပုံသတင်းထောက်ရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံ။ (ဓာတ်ပုံ - The New York Times)
ဘိုင်ယူး စစ်သတင်းထောက်ဆု ရရှိတဲ့ မြန်မာဓာတ်ပုံသတင်းထောက်ရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံ။ (ဓာတ်ပုံ - The New York Times)

[ Zawgyi ]

ပြင်သစ်နိုင်ငံက နာမည်ကျော် ဘိုင်ယူး စစ်သတင်းထောက်ဆု (Bayeux Calvados- Normandy Award) အတွက် ဒီနှစ် ၂၀၂၁ ခုနှစ်မှာ ပထမဆုကို New York Times သတင်းစာက မြန်မာဓာတ်ပုံသတင်းထောက်ကို ချီးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဓာတ်ပုံဆရာအတွက် အန္တရာယ်ရှိတာကြောင့် အမည်ကိုတော့ ဖော်ပြမထားပါဘူး။

ပြင်သစ်နိုင်ငံမြောက်ပိုင်း ဘိုင်ယူးမြို့မှာ စနေနေ့က ကျင်းပတဲ့ ဆုပေးပွဲမှာ “နွေဦးတော်လှန်ရေး” လို့ တင်စားခေါ်ကြတဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ မြန်မာဓာတ်ပုံဆရာကို ပထမဆု ချီးမြှင့်ခဲ့တာဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ Manoocher Deghati က AFP သတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက တက်သစ်စ ဓာတ်ပုံသတင်းထောက်တွေရဲ့ ကြိုးစားရုန်းကန်မှုတွေကို ထပ်ဟပ်ပေါ်လွင်အောင် ပြသချင်တာကြောင့် အခုလို ဆုပေးဖို့ ရွေးချယ်ရေးအဖွဲ့က ဆုံးဖြတ်ခဲ့တာလို့လည်း သူကိုယ်တိုင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အတွက် ၁၉၈၅ ခုနှစ်မှာ အီရန်ကနေ ပြည်ပကို ထွက်ပြေးခဲ့ရတဲ့ အီရန်နွယ်ဖွား ပြင်သစ်နိုင်ငံသား Deghati က ပြောပါတယ်။ ဆုရရှိတဲ့ မြန်မာဓာတ်ပုံသတင်းထောက် ရိုက်ကူးထားတဲ့ ပုံတွေနဲ့ တခြား မြန်မာဓာတ်ပုံဆရာ အများအပြားရဲ့ လက်ရာတွေကိုလည်း ဘိုင်ယူးပြပွဲမှာ ပြသထားပါတယ်။

ပုံနှိပ်သတင်းအတွက် ပထမဆုကိုတော့ Zeit Magazin မှာ တာလီဘန်တွေအကြောင်း ရေးသားခဲ့တဲ့ Wolfgang Bauer ရရှိခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ဒုတိယမြောက်ဆုဖြစ်ပြီး ၂၀၁၆ တုန်းကလည်း နိုင်ဂျီးရီးယားသတင်းနဲ့ ဆုရခဲ့တာပါ။ Bosnia Herzegovina မြောက်ပိုင်းက ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေရဲ့ကံကြမ္မာအကြောင်း Al Jazeera အတွက် ရိုက်ကူးတင်ဆက်ပေးတဲ့ ဘော့စနီးယားနိုင်ငံသား ၂ ဦးဖြစ်တဲ့ Damir Sagolj နဲ့ Danis Tanovic တို့က TV ဆုနဲ့ ဗီဒီယိုဆုတွေ ရခဲ့သလို ရေဒီယိုအသံလွှင့် သတင်းထောက်ဆုကိုတော့ အာဖဂန်နစ္စတန်နိုင်ငံ Kandhar ဒေသကရွာတွေက မြေမြှုပ်မိုင်းအန္တရာယ်အကြောင်း Europe 1 မှာတင်ပြခဲ့တဲ့ Margaux Benn က ပထမဆု ရခဲ့ပါတယ်။

စစ်သတင်းတွေကို သက်စွန့်ဆံဖျား ရယူတင်ပြခဲ့သူတွေအတွက် ပြင်သစ်နိုင်ငံက ၁၉၄၄ ခုနှစ်မှာ ပထမဆုံး လွတ်လပ်ရေးရတဲ့ မြို့ကလေး ဘိုင်ယူးက ၁၉၉၄ ခုှနှစ်ကစပြီး ဆုတွေ ပေးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်သတင်းသမား ၄၀ ပါဝင်တဲ့ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်သူတွေကို ဆုငွေအဖြစ် တဦးကို ယူရိုငွေ ၃,၀၀၀ ကနေ ၇,၀၀၀ အထိ ပေးအပ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

[ Unicode ]







XS
SM
MD
LG