သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ကို အသိအမှတ်ပြုဖို့ ပြင်သစ်အထက်လွှတ်တော် ဆုံးဖြတ်


ပြင်သစ် အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြစဉ်။
ပြင်သစ် အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြစဉ်။

[ Zawgyi ]

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရေး-အဆိုတရပ်ကို ပြင်သစ်အထက်လွှတ်တော်မှာ အင်္ဂါနေ့က ကန့်ကွက်မဲ မရှိ၊ တညီတညွတ်ထဲ ထောက်ခံ အတည်ပြုခဲ့ပါတယ်။ ဥရောပသမဂ္ဂ EU ထဲက အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ပြင်သစ်ရဲ့လွှတ်တော်တခုက အခုလို ဆုံးဖြတ်လိုက်တာဟာ အခြား EU နိုင်ငံတွေပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လို့ ပြင်သစ်မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတချို့က မျှော်လင့်နေပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးကို လိုလားတဲ့ ပြင်သစ်လွှတ်တော် အမတ်တစုက NUG အစိုးရကို ပြင်သစ်အနေနဲ့ တရားဝင် အသိအမှတ်ပြုပေးဖို့ အထက်လွှတ်တော်မှာ အောက်တိုဘာလ(၅)ရက် အင်္ဂါနေ့က အဆိုတရပ် တင်သွင်းခဲ့တာပါ။ ဒီအဆိုကို လက်ခံအတည်ပြုကြောင်း ပြင်သစ် အထက်လွှတ်တော် ဒုဥက္ကဌ Mr. Pierre Laurent က ပြင်သစ်ဘာသာစကားနဲ့ ခုလို ကြေညာသွားခဲ့ပါတယ်။

သူ ပြောသွားတာက - လွှတ်တော်အမတ် Mr. Pascal Allizard ဦးဆောင်တင်သွင်းတဲ့ "မြန်မာ NUG အစိုးရကို ပြင်သစ်က တရားဝင် အသိအမှတ်ပြုရေး" အဆိုကို ကန့်ကွက်သူမရှိပဲ ပြင်သစ်အထက်လွှတ်တော်က လက်ခံ အတည်ပြုလိုက်ကြောင်း အထက်လွှတ်တော် ဒုဥက္ကဌ Mr. Pierre Laurent က ပြောသွားတာ ဖြစ်ပါတယ်။

ပြင်သစ်အထက်လွှတ်တော် ဒုဥက္ကဌ Pierre Laurent
ပြင်သစ်အထက်လွှတ်တော် ဒုဥက္ကဌ Pierre Laurent

NUG အစိုးရကို တရားဝင် အသိအမှတ်ပြုရေး အဆိုကို ပြင်သစ်အထက်လွှတ်တော်မှာ အင်္ဂါနေ့က ကန့်ကွက်မဲ မရှိပဲ ထောက်ခံ အတည်ပြု လိုက်ကြတာပါ။ ဒီအဆိုကိုပဲ အောက်လွှတ်တော်မှာလည်း တင်သွင်းထားပြီး လာမယ့် ရက်ပိုင်းတွေအတွင်း မဲခွဲဆုံးဖြတ်သွားဖို့ ရှိတယ်လို့ ပြင်သစ်လွှတ်တော်တွေကို စောင့်ကြည့်လေ့လာနေတဲ့ မြန်မာ့အရေးလှုပ်ရှားသူ မဖူးဖူးက ပြောပါတယ်။

" အဆိုက ဘာလဲဆိုတော့ NUG ကိုအသိအမှတ် ပြုရေးပေါ့နော် အထက်လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်တယ်။ မဲခွဲဆုံးဖြတ်တာ အားလုံးက လက်ခံ သဘောတူတယ်။ ဒါပေမဲ့ တခုရှိတာက ပြင်သစ်အစိုးရဖက်က ကိုယ်စားလှယ်က ဘာပြောသလဲဆိုတော့ ပြင်သစ်အစိုးရဟာ ပုံမှန်အားဖြင့် သူတို့က နိုင်ငံတခုမှာ အစိုးရကို အသိအမှတ်ပြုတာမျိုး မရှိဘူး၊ နိုင်ငံကိုပဲ အသိအမှတ်ပြု လက်ခံတဲ့ အစဉ်အလာပဲ ရှိတာပေ့ါနော် အဲလိုပြောသွားတယ်။ အဲလိုဆိုတော့ အခုက အောက်လွှတ်တော်မှာ ဆွေးနွေးဖို့ကျန်မယ်၊ အောက်လွှတ်တော်မှာလည်း အဲဒီအဆိုအတိုင်းပဲ တင်သွင်းထားတာ ရှိတယ်။ အဲဒီလိုဆိုတော့ အောက်လွှတ်တော်မှာ မဲခွဲပြီး ဆက်ဆုံးဖြတ်မှာပေါ့။ အဲဒီလို မဲခွဲဆုံးဖြတ်ပြီးမှ အဲဒီကမှတဆင့် ပြင်သစ်အစိုးရက ဆုံးဖြတ်မှာ ၊ အဲလိုတော့ ရှိတယ်။"

ပြင်သစ်အောက်လွှတ်တော်က ဆွေးနွေးဆုံးဖြတ်ပြီးရင်တော့ ပြင်သစ်အစိုးရအဖွဲ့တွင်းဆွေးနွေးပြီး NUG နဲ့ပတ်သက်တဲ့ သဘောထား ကြေညာချက်တစောင် ထွက်ပေါ်လာဖွယ်ရာ ရှိနေပါတယ်။

ဥရောပသမဂ္ဂ EU ထဲမှာ သြဇာကြီးမားတဲ့နိုင်ငံဖြစ်တဲ့ ပြင်သစ်က သူ့ရဲ့အထက်လွှတ်တော်ကနေ NUG အစိုးရကို အသိအမှတ်ပြုကြောင်း အခုလို ဆုံးဖြတ်လိုက်တာဟာ အခြား EU နိုင်ငံတွေပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ မဖူးဖူးက သူ့အမြင်ကို ပြောပါတယ်။

" ကျမရဲ့ တဦးထဲ အမြင်အရဆိုရင်တော့ ဥရောပမှာဆိုရင် ပြင်သစ်က နိုင်ငံကြီးပေါ့နော်။ G-7 မှာလည်း ပြင်သစ်က ပါတဲ့အတွက်ကြောင့်မို့လို့အခု ဆုံးဖြတ်ချက်က အခြားကို လွှမ်းမိုးမှု ရှိနိုင်တယ်။ အထက်လွှတ်တော်တင် မဟုတ်ပဲ ၊ အောက်လွှတ်တော်ပါ နှစ်ခုစလုံး ဆုံးဖြတ်ပြီးသွားတဲ့အခါကျရင် အဖြေတခုခု သိရတဲ့အခါမှာ ၊ NUG နဲ့ပတ်သက်ပြီး ဆုံးဖြတ်တာ ဥရောပမှာ ပြင်သစ်က ပထမဆုံးနိုင်ငံ ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့ လွှမ်းမိုးမှုကတော့ ရှိမှာ အသေချာလို့တော့ ယုံကြည်ထားတယ်။ ပြင်သစ်နိုင်ငံက ဒီမိုကရေစီကို အရမ်းတန်ဖိုးထားမှန်း သိသာတာပေါ့နော်။ အဲဒါကြောင့်မို့ သူတို့ ဒီလွှတ်တော်အမတ်တွေဆိုလည်း အကုန်လုံး တသံထဲထွက်ကြတယ်။ စစ်အာဏာသိမ်းမှုကိုလည်း လုံးဝလက်မခံဘူး။ စစ်ကောင်စီကိုလည်း လုံးဝ လက်မခံဘူး။ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်ဖို့အင်တိုက်အားတိုက်နဲ့ သူတို့အကုန်လုံးက တသံထဲ အဲလိုပြောတော့ အရမ်း အားတက်မိတာပေါ့။ "

မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး ဥရောပသမဂ္ဂ EU က တပေါင်းတစည်းတည်း ပြစ်ဒဏ်ခတ် အရေးယူမှု ချမှတ်သွားမယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian ကလည်း ပြီးခဲ့လပိုင်းတွေက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ထားတဲ့ ပြင်သစ် Total ကုမ္ပဏီကနေ အာဏာသိမ်း စစ်ကောင်စီကို အခွန်ဘဏ္ဍာ ငွေ အမြောက်အများ ဆက်လက်ပေးဆောင်နေတာက ထောက်ပံ့သလို ဖြစ်နေတာကြောင့် ဒီမိုကရေစီကိုလိုလားတဲ့ ပြင်သစ်အနေနဲ့ ပြန်လည်သုံးသပ်ဖို့ CRPH လွှတ်တော်ကိုယ်စားပြု ကော်မတီက ပြီးခဲ့တဲ့ ဧပြီနဲ့ မေလတွေအတွင်း တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ Total ကုမ္ပဏီကတော့ မြန်မာပြည်တွင်းက သူ့လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့သာ အကြောင်းပြန်ခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ EU တို့က မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ နောက်ထပ် ဘယ်လို အရေးယူ ဒဏ်ခတ်အရေးယူမှုမျိုးကိုမဆို လိုက်နာ လုပ်ဆောင်သွားပါမယ်လို့ ပြင်သစ်ရေနံကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Patrick Pouyanne က မေလထဲကျင်းပတဲ့ အစုရှယ်ယာဝင်များ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်



[ Unicode ]











XS
SM
MD
LG