သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူသားချင်းစာနာကူညီမှုအကြီးအကဲ မြန်မာပြည်လာရောက်မည်


UN OCHA အကြီးအကဲ Stephen O’Brien
UN OCHA အကြီးအကဲ Stephen O’Brien

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုနဲ့ အရေးပေါ် အကူအညီပေးရေးဆိုင်ရာ UN OCHA အကြီးအကဲ Stephen O’Brien ဟာ မြန်မာနိုင်ငံ ပထမဆုံး အကြိမ် အဖြစ် အင်္ဂါနေ့မှာ ရောက်ရှိလာဖို့ရှိနေပါတယ်။ UN OCHA အကြီးအကဲရဲ့ ပထမဆုံး အကြိမ် မြန်မာ ခရီးစဉ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ့် အပြင် တင်းမာမှုတွေ ရှိနေတဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က ဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့လည်း စီစဉ်ထားတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကုလ သမဂ္ဂ လူသားချင်း စာနာထောက်ထားမှုနဲ့ အရေးပေါ် အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Stephen O’Brien ဟာ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် အဖြစ် အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာပါ။ ကြာသပတေးနေ့မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ဖို့ စီစဉ်ထားပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူတွေရဲ့ စခန်းတွေကို သွားရောက်မှာ ဖြစ်ပါတယ်။ သောကြာနေ့မှာတော့ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့မှာ ဖြစ်သလို IDP စခန်းတွေကို သွားရောက်ဖို့လည်းစီစဉ်ထားတာပါ။ UN OCHA အကြီးအကဲရဲ့ မြန်မာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာကူညီရေး ညှိုနှိုင်းရေးမှုးရုံး ပြောခွင့်ရသူ Pierre Peron က ဗွီအိုအေကို ပြောပါတယ်။

“မစ္စတာ အိုဘရိုင်ယန် အနေနဲ့ နေပြည်တော်ကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်ပြီး မြန်မာ အစိုးရ အာဏာပိုင်တွေ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာပါ။ တွေ့ဆုံတဲ့ အခါမှာတော့ မြန်မာနိုင်ငံတွင်းမှာ တွေ့နေရတဲ့ လူသားချင်း စာနာကူညီရေးဆိုင်ရာ လိုအပ်ချက်တွေကို အဓိက ဆွေးနွေးမှာပါ။ မြန်မာနိုင်ငံတွင်းက လူသားချင်းစာနာကူညီမှု လိုအပ်နေတဲ့ လူထုဆီကို အကူအညီတွေ ရောက်ရှိစေဖို့ အတွက် ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပ ပရဟိတ အဖွဲ့အစည်းတွေကို ကမ်းလှမ်းဖို့လည်း ရှိပါတယ်။”

UN OCHA အကြီးအကဲ Stephen O’Brien သွားရောက်ဖို့ စီစဉ်ထားတဲ့ ကချင်ပြည်နယ်မှာလည်း လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ရခိုင်ပြည်နယ်မှာကလည်း မောင်တောမြို့နယ်တွင်း နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်း လုံခြုံရေး အတွက် အင်အားတိုးမြှင့်ဆောင်ရွက်နေရတာပါ။ ဒီအခြေအနေတွေကြားကဘဲ UN OCHA အကြီးအကဲ အနေနဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်နိုင်ဖို့ကိုလည်း မျှော်လင့်ထားတဲ့ အကြောင်း ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာကူညီရေး ညှိုနှိုင်းရေးမှုးရုံး ပြောခွင့်ရသူ Pierre Peron က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း ဘယ်နေရာကို သွားဖို့ကို မဆို ကျနော်တို့ အနေနဲ့ အာဏာပိုင်တွေနဲ့ရော လုံခြုံရေး အကြံပေးတွေနဲ့ရော သေသေချာချာ ပူးပေါင်းဆောင်ရွက်ပါတယ်။ အခုအချိန်ထိတော့ ကျနော်တို့ သွားလို့ မရနိုင်ဘူးဆိုတဲ့ အခြေအနေတော့ မရှိသေးပါဘူး။ ကျနော်တို့ အနေနဲ့ ကချင်ပြည်နယ်ကရော ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူတွေရဲ့ စခန်းတွေကို သွားရောက်နိုင်မယ်လို့ အတော်လေး မျှော်လင့်ထားပါတယ်။”

မြန်မာနိုင်ငံတွင်း တိုင်းရင်းဒေသတွေမှာ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေရသူတွေ အတွက် လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေကို UNOCHA ဘက်က ဆက်လက် စောင့်ကြည့် ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့လည်း ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာကူညီရေး ညှိုနှိုင်းရေးမှုးရုံး ပြောခွင့်ရသူ Pierre Peron က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက ဒေသတွေမှာ တိုက်ပွဲတွေ ရှိနေဆဲပါ။ ရှမ်းပြည်နယ်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေတယ်။ ကရင်ပြည်နယ်မှာလည်း အလားတူ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅ ထောင်ကျော် ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့်လည်း ဝမ်းနည်းစရာကောင်းတာက နိုင်ငံတွင်းက ဒေသ အတော်များများက ပြည်သူတွေ လုံခြုံမှု ကင်းမဲ့နေတာပါ။ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာ ထွက်ပြေးနေကြရသူတွေလည်း ရှိနေပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြရတဲ့ လူတွေ အတွက် လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ လိုအပ်မယ့် အကူအညီတွေကို ဆက်ပြီး ရှာဖွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

လူသားချင်း စာနာမှု အကူအညီ လိုအပ်နေတဲ့ ကမ္ဘာ့ နိုင်ငံတွေကို ပုံမှန် သွားရောက်နေတဲ့ UN OCHA အကြီးအကဲ Stephen O’Brien ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကလည်း ပုံမှန် သွားနေကြ ခရီးစဉ် တခု ဖြစ်ပါတယ်လို့ ကုလ ပြောခွင့်ရ တဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG