သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေး နောက်ဆုံးအခြေအနေ လုံခြုံရေးကောင်စီ ဆွေးနွေး


ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေး။ ဓာတ်ပုံ - UN Photo/Kim Haughton
ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေး။ ဓာတ်ပုံ - UN Photo/Kim Haughton

ရိုဟင်ဂျာမူဆလင် အမျိုးသမီးတွေကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အများအပြား ကျူးလွန်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအတွင်း ရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် တဦးက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့ကကျင်းပခဲ့တဲ့ ရခိုင်ပြည် နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ပဋိပက္ခနဲ့ပတ်သက်တဲ့ တင်ပြချက်အတွင်း အခုလိုပြောဆိုခဲ့တာပါ။ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုတချို့ ရှိလာနေတယ်ဆိုပေမဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး လုပ်စရာတွေ အများကြီး ကျန်နေသေးတဲ့ အကြောင်းလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ပြောခဲ့ကြပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ရိုဟင်ဂျာမူဆလင် ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုဝင်ဘာလ၇ရက်နေ့တုန်းက မြန်မာ့အရေး ကြေညာချက်ကိုထုတ်ပြန်ခဲ့ပြီး အချိန်တလအကြာမှာ အခြေအနေတွေကို ပြန်လည်သုံးသတ်တဲ့အနေနဲ့ မနေ့ကလုံခြုံ ရေးကောင်စီမှာတင်ပြခဲ့ကြတာပါ။ မြန်မာနဲ့ဘင်္ဂလားဒေ့ချ်နိုင်ငံတွေကိုသွားရောက်ခဲ့ပြီး ရိုဟင်ဂျာအခြေအနေတွေကိုလေ့ လာခဲ့ကြသူ ၂ဦးဖြစ်ကြတဲ့ နိုင်ငံရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှုးချုပ် Jeffrey Feltmanနဲ့ ပဋိပက္ခ အတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဘက်မှုဆိုင်ရာ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Pattenတို့က လုံခြုံ ရေးကောင်စီမှာ သူတို့ရဲ့အတွေ့အကြုံနဲ့အကြံပြုချက်တွေကို တင်ပြခဲ့ကြတာပါ။

မြန်မာနဲ့ဘင်္ဂလားဒေ့ချ်၂နိုင်ငံအကြား ဒုက္ခသည်တွေပြန်လက်ခံရေးဆိုင်ရာ သဘောတူညီချက်ရခဲ့တာကို ဝမ်းသာကြောင်း နဲ့ ဒီကိစ္စတွေလုပ်ဆောင်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့အဓိကအချက်တွေကို နိုင်ငံရေးဆိုင်ရာ ကုလသမဂ္ဂ လက် ထောက် အတွင်းရေးမှုးချုပ် Jeffrey Feltmanက လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။

“ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အားထုတ်မှုတွေနဲ့ ဖြစ်ရပါလိမ့်မယ်။ အချိန်သတ်မှတ် ထားပြီး အသေအချာပြန်နိုင်ရေးကိုစီစဉ်ရလိမ့်မယ်။ မစ္စတာ ကိုဖီအာနန်အဖွဲ့ရဲ့အကြံပေးချက်တွေကို ဗဟိုပြုပြီးလုပ် ဆောင်ရပါလိမ့်မယ်။ ဒုက္ခသည်တွေရဲ့ မူလနေရာတွေ၊ ဒါမှမဟုတ် ဒုက္ခသည်တွေက လုံခြုံစိတ်ချရတယ်လို့ရွေးချယ် တဲ့နေရာတွေတဝိုက်မှာ ဖြစ်ရပါလိမ့်မယ်။ စခန်း ဒါမှမဟုတ် ယာယီနေရာမျိုး မဟုတ်ရပါဘူး။ ရိုဟင်ဂျာတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးမယ်ဆိုတာက အပြုသဘောဆောင်တဲ့ ကိစ္စဖြစ်တယ်ဆိုပေမဲ့လည်း တည်ဆဲဥပဒေတွေအရ သူတို့ အတွက် သွားလာလှုပ်ရှားခွင့်တွေက သိပ်ပြီးတင်းကျပ်လွန်းနေတာပါ။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေကို တိုးချဲ့ ပေးခြင်းအားဖြင့် သူတို့ရဲ့ အခြေခံဘဝနေထိုင်မှု အခြေအနေတွေကို အဆင်ပြေစေပါလိမ့်မယ်။ လောလောဆယ် သတ်မှတ် ထားတဲ့ သက်သေခံ အထောက်အထားဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ပေါ့ပြီး ဒုက္ခသည်တွေကို လက်ခံသင့်ပါတယ်။ ဒုက္ခသည်အများစုက အထောက်အထားတွေ အစုံအလင်ပြနိုင်ဖို့က ခက်နေပါတယ်။ နောက်ဆုံး တင်ပြလိုတဲ့ အချက်က တော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာ အတွေ့အကြုံများတဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ ပူးပေါင်းကူအညီမှုကို လက်ခံရေးလည်းတိုက်တွန်းလိုပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မကြာခင်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေ ထွေညီလာခံကနေလက်ခံလိမ့်မယ်လို့မျှော်လင့်ရပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ် စားလှယ်ခန့်အပ်ရေးကိုလည်း လက်ခံလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်း လက်ထောက် အတွင်းရေးမှုးချုပ် Jeffrey Feltmanကပြောပါတယ်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဘက်မှုဆိုင်ရာ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Pattenက တော့ ဘင်္ဂလားဒေ့ချ်နိုင်ငံက ဒုက္ခသည်စခန်းတွေကိုသွားရောက်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြုံခဲ့ရသူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့သူပါ။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက တဦးချင်းစီရော အုပ်စုလိုက်ရော ရိုဟင်ဂျာအမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေ အများအပြားနဲ့ ရက်ရက်စက်စက် လုပ်ခဲ့တဲ့အကြောင်း လုံခြုံရေးကောင်စီကိုတင်ပြခဲ့ပြီး ပြစ်မှုကျူးလွန် သူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

“ လုံခြုံရေးကောင်စီကို ကျမတိုက်တွန်းလိုတာက တတ်စွမ်းသမ ျှ အာဏာကို သုံးပြီး ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ပေးဖို့ ၊ လိင်ပိုင်းဆိုင်ရာနဲ့ တခြား အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ကြသူတွေကို တရားဥပဒေ အရ အရေးယူဖို့၊ အကျူးလွန်ခံရသူတွေ အတွက် ဘေးအန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေး ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ ကျမတို့ရဲ့ လုပ်ဆောင်မှု ဒါမှမဟုတ် ပျက်ကွက်မှုကို သမိုင်းကနေ မှတ်ကျောက်တင် အကဲဖြတ်ပါလိမ့်မယ်။ ရခိုင်ပြည်နယ်မှာ အရပ်သားတွေ အပေါ် ကျူးလွန် ချိုးဖောက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့ ကြိုးပမ်းမှုများဟာ သိပ်ကို ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ လူသားချင်း စာနာမှု အထောက်အကူတွေကိုလည်း ကုလသမဂ္ဂအဖွဲ့တွေ ချက်ချင်း သွားရောက်ဖို့ အတွက် ဆောင်ရွက်ခွင့်ပြုသင့်ပါတယ်။ ”

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ကိုယ်စားလှယ်၂ ဦးရဲ့ တင်ပြချက်တွေ အပြီးမှာတော့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ က ကိုယ်စားလှယ်တွေ ကလည်း ရိုဟင်ဂျာမူဆလင ်ပြဿနာနဲ့ပတ်သက်ပြီး အကြံပြုတိုက်တွန်းချက်တွေကို ပြောဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် Nikki Haleyကတော့ ရိုဟင်ဂျာဒုက္ခသည်အရေး မြန်မာအစိုး ရရဲ့ ကတိကဝတ်ပေး ပြောဆိုနေမှုတွေကနေ လက်တွေ့လုပ်ဆောင်တာတွေကို မြင်လိုတယ်လို့ ပြောပါ တယ်။

“ ဒါဟာ ရဝမ်ဒါအပြီး ဒုက္ခသည်တွေ အမြန်ဆုံး အိုးအိမ်မဲ့ဖြစ်ကြရတဲ့ ဖြစ်ရပ်ပါ။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ နောက်ထပ်လူတွေ သေဆုံးတာ၊ အိုးအိမ်မဲ့ဖြစ်ကြတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဒီပြစ်မှု ကျူးလွန်သူတွေ အပေါ် ခိုင်မာတဲ့ အရေးယူမှုကို မတွေ့ရသေးပါဘူး။ အဲဒီအစား မြန်မာစစ်တပ်က စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူတာ လုံး၀ မတွေ့ရပါဘူး။ ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ လက်တွေ့ ဖြစ်ရပ်တွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုသင့်ပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အပြည့်အ၀ သွားရောက်ခွင့်ပြုခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်မှာ ဖြစ်ပြီး ပြသနာကို အဖြေရှာရာမှာလည်း ဒါဟာ အရေးကြီးပါတယ်။ အချိန်ကို မဖြုန်းသင့်တော့ပါဘူး။ လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာကတော့ ငြင်းလို့ မရပါဘူး။ မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်တွေ ကျူးလွန်မှုနဲ့ အကြမ်းဖက် ရက်စက်မှုတွေ အားလုံးကို အမေရိကန် ပြည်ထောင်စုက ပြစ်တင် ရှုတ်ချပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကတော့ မြန်မာနိုင်ငံကနေ အစုလိုက်အပြုံလိုက်ဘင်္ဂလားဒေ့ချ်ဘက်ထွက်ပြေးနေ တာတွေ ရပ်တန့်သွားပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနဲ့ဘင်္ဂလားဒေ့ချ်နိုင်ငံတွေကိုသွားရောက်ခဲ့ပြီး အဆင့်သုံးဆင့်ပါတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဖြေရှင်းရေးအကြံပြုချက်ကိုတင်ပြခဲ့တာ အခုစပြီးတိုးတက်မှုတွေကို မြင်လာနေ ရတဲ့အကြောင်း၊ ပြဿနာပြေလည်ရေးက တဖြေးဖြေးနဲ့အချိန်ယူဖြေရှင်းရမှာဖြစ်တယ်လို့လည်းလုံခြုံရေးကောင်စီကိုတင် ပြခဲ့ပါတယ်။

လောလောဆယ်လုံခြုံရေးကောင်စီရဲ့အလှည့်ကျဥက္ကဌနိုင်ငံကတော့ ဂျပန်ပါ။ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး တိုးတက်မှုတွေရှိလာနေတာတွေကို ဂျပန်နိုင်ငံက ကြိုဆိုကြောင်းနဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ချ်နိုင်ငံတွေကို ဂျပန်ကဆက်ပြီး ကူညီထောက်ပံ့နေမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်က ပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက လည်း ရခိုင်ပြည်နယ်ကအခြေအနေတွေကို အနီးကပ်ဆက်ပြီးဆောင့်ကြည့်သွားဖို့နဲ့ မြန်မာအစိုးရရဲ့ရေရှေဖြေရှင်းမှုတွေ ကိုဝိုင်းပြီး ကူညီသွားဖို့လည်း ဂျပန်ဘက်ကတိုက်တွန်းတယ်လို့ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဘက်မှုတွေကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ် ဟောက်ဒိုစွမ်းက မြန်အစိုးရရဲ့သဘောထားကို ရှင်းပြပါတယ်။

မြန်မာအစိုးရရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ။ လူ့အခွင့်အရေးချိုးဖေါက်မှုမှန်သမျှကို မြန်မာ အစိုးရက အားမပေးပါဘူး။ ခိုင်မာတဲ့သက်သေအထောက်အထားတွေသာရှိမယ်ဆိုရင် ကျနော်တို့ဘက်က အရေးယူ ဆောင်ရွက်ဖို့အသင့်ပါပဲ။ ဥပဒေအရ ဘယ်သူ့ကိုမဆို အရေးယူသွားမှာပါလို့ မြန်မာသံအမတ် ဟောက်ဒိုစွမ်းက ပြောခဲ့ တာပါ။

ဘူးသီတောင်၊ မောင်တောဒေသမှာ အရင်ကလုံခြုံရေးအရ တပ်ဖြန့်ထားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းထားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်းဥပဒေစိုးမိုးမှုတွေကို လုပ်ဆောင်နေကြောင်း။ ကြက်ခြေနီအဖွဲ့တွေရဲ့ လူသားခြင်းစာနာ မှုဆိုင်ရာအကူအညီတွေကိုလည်း ဒေသတွင်းမှာ လုပ်ဆောင်ခွင့်ရှိနေကြောင်းနဲ့ မြန်မာအစိုးရက လက်ရှိလုပ်ဆောင် နေတဲ့ အခြေအနေတွေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း မြန်မာသံအမတ် ဟောက်ဒိုစွမ်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။

“ လုံခြုံရေးကောင်စီမှာ တွေ့ခဲ့ရပြီးတဲ့ အတိုင်း မြန်မာနဲ့ဘင်္ဂလားဒေရှ့်ကြား နှစ်နိုင်ငံ ဆွေးနွေးမှုတွေမှာ တိုးတက်မှု ရရှိခဲ့တာက ရခိုင်ပြည်နယ်မှာ နောက်ဆုံး ဖြစ်ပွားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝိုင်းဝန်း ပြစ်တင်ဝေဖန်မှု အပြင် ထဲထဲဝင်ဝင် ဆက်ဆံမှုတွေကြောင့် ဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံ သဘောတူညီမှုကို ဖော်ဆောင်တဲ့ နေရာမှာ လုံခြုံရေးကောင်စီ အနေနဲ့ ကြီးကြပ် စောင့်ကြည့်ပေးဖို့ ဘင်္ဂလားဒေရှ့်က တိုက်တွန်းပါတယ်။ ”

ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ချ်သံအမတ်ကလည်း မြန်မာနဲ့ဘင်္ဂလားဒေ့ချ်၂နိုင်ငံအကြား သဘောတူညီထားချက်ကို အကောင်အထည်ဖေါ်တဲ့ နေရာမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဝိုင်းပြီးတော့ကြီးကြပ်ပေးဖို့တိုက်တွန်းခဲ့ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့တင်ပြဆွေးနွေးမှုတွေထဲမှာ မြန်မာနိုင်ငံအတွင်းရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဖြစ်ပေါ်တိုးတက်မှုတွေ ရှိလာတယ်ဆိုပေမဲ့လည်း ဖြေရှင်းစရာကိစ္စတွေက အများအပြားကျန်နေသေးတာကြောင့် ဒီထက်ပိုပြီးတော့ တိုးတက်မှုတွေ ရှိလာအောင် လုပ်ဆောင်ကြဖို့ တွန်းအားပေး တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG