သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်း ကောက်ယူမှု ဒုက္ခသည်တွေ နစ်နာနိုင်


လိုင်ဇာရှိ ကချင်ဒုက္ခသည်စခန်းတစ်ခု။
လိုင်ဇာရှိ ကချင်ဒုက္ခသည်စခန်းတစ်ခု။
မြန်မာနိုင်ငံမှာ မကြာခင် ကောက်ယူတော့မယ့် လူဦးရေသန်းခေါင်စာရင်းဟာ IDP ဒုက္ခသည်တွေအတွက်တော့ နစ်နာမှု တွေ ရှိတယ်လို့ ကချင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီက ပြောပါတယ်။ ၁ လသာ လိုတော့တဲ့ ဒီသန်းခေါင် စာရင်းကောက်ယူမှုနဲ့ပတ်သက်ပြီး ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာလည်း ညွှန်ကြားချက်တွေ အခုထိ မရှိသေးဘူးလို့ ကရင်ဒုက္ခသည်ရေးရာကော်မတီကလည်း ဆိုပါတယ်။ ဒီလို သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ဒုက္ခသည်တွေရဲ့ အနေအထား၊ တခါ ထိုင်းရောက် မြန်မာအလုပ်သမားတွေကြားမှာရော ဒီသန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပြောဆိုနေကြသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးပါ

မြန်မာနိုင်ငံတဝှမ်း သန်းခေါင်စာရင်း ကောက်ယူမယ့် ကိစ္စ လောလောဆယ် ရွှေ့ဆိုင်းထားသင့်ကြောင်း ပြောဆိုမှုတွေ ရှိနေပေမဲ့ - အစိုးရ ကတော့ လာမယ့် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ အထိ မြန်မာနိုင်ငံအနှံ့မှာ သန်းခေါင်စာရင်းကို ကောက်ယူ သွားမယ်လို့ ကြေညာ ထားတာပါ။ ဒီလိုကြေညာထားပေမဲ့လို့ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အခုချိန်ထိ ညွှန်ကြားထားတာမျိုးတွေ မရှိသေးဘူးလို့ ဒုက္ခသည်ရေးရာကော်မတီတွေ က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး မရသေးတဲ့ကာလမှာ အခုလို သန်းခေါင် စာရင်း ကောက်ယူမှု တွေက ဒုက္ခသည်တွေရဲ့ ရသင့်တဲ့ အခွင့်အရေးတွေကို ဆုံးရှုံးနိုင်တယ်လို့ လိုင်ဇာအခြေစိုက် ကချင်ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆာ က ပြောပါတယ်။

" ဒါက ကျနော်တို့က စစ်ပြေးဒုက္ခသည်ဆိုတော့ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသမှာ ပြန်ဖို့ဆိုတာက လုံခြုံမှုရှိမှ ကျနော်တို့ ပြန်နိုင်မယ့်အခြေအနေ၊ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီးမှ ကျနော်တို့ ဘာမှ စဉ်းစားထားတာ မရှိပါဘူး။ ကျနော့်အမြင်ပေါ့လေ။ ဒါ IDP ကာလမှာ ကျနော်တို့ သန်းခေါင်စာရင်း လုပ်လာလို့ရှိရင် ကျနော်တို့အတွက် နစ်နာမှုအများကြီးရှိတယ်လို့ ကျနော် ဒီလိုပဲ ယူဆရမယ်။ ဘာဖြစ်လို့ဆိုတော့ IDP ကနေ ကိုယ့်ရပ်ရွာမှာ ကိုယ့်ပိုင်ဆိုင်တဲ့ နယ်မြေ အိမ်ထောင်စာရင်းဖြစ်လို့ သူတို့လက်ခံမလား။ အဲ့တာတွေ အများကြီး ရှိတယ်။ ဒါကြောင့်မို့လို့ IDP မှာ စာရင်းကောက်ရင်တော့ နစ်နာမှုအများကြီးရှိနိုင်ပါတယ်။"

အဲ့ဒီလိုင်ဇာဒေသမှာဆိုရင် IDP ဒုက္ခသည်စခန်း ၄ ခုရှိပြီး ဒုက္ခသည် ဦးရေကတော့ ၁ သောင်း ၅ ထောင်နီးပါးရှိတယ်လို့ လည်း ဦးဒွဲပီဆာက ပြောဆိုခဲ့ပါတယ်။

အလားတူ ဒုက္ခသည်ဦးရေ သိန်းနဲ့ချီရှိတဲ့ ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်စခန်း တွေမှာလည်း ဒီသန်းခေါင်စာရင်းကောက်ယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူ ဘယ်သူကမှ ပြောဆိုလာတာ မရှိသေးဘူးလို့လည်း ကရင်ဒုက္ခသည်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေး က ပြောပါတယ်။

"ဒုက္ခသည်စခန်းက သန်းခေါင်စာရင်းကောက်ဖို့ရာ အစီအစဉ်လည်း မရှိဘူး။ အဲ့ဒီ့ကိစ္စနဲ့ပတ်သက်တာ KNU ကလည်း ဒုက္ခသည်စခန်းက ညွှန်ကြားချက် ဘာမှလည်း တခုမှ မလာဘူး။"

အရင်ကတော့ ဒီသန်းခေါင်စာရင်းကောက်မှုနဲ့ ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးက သူတို့ထိန်းချုပ်ရာ နယ်မြေမှာရှိတဲ့ သူတွေကို သူတို့ကိုယ်တိုင် ကောက်ယူခွင့်ပြုဖို့ အစိုးရကို တောင်းဆိုထားတာပါ။ ထိုင်းနယ်စပ်တလျှောက်မှာဆိုရင် ကရင်ဒုက္ခသည် စခန်း စုစုပေါင်း ၇ ခုထိရှိပြီး ဒုက္ခသည်ဦးရေကတော့ ၁ သိန်း ၇ သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တခြား တိုင်းရင်းသားဒုက္ခသည်စခန်းတွေလည်း ရှိနေတာဖြစ်ပါတယ်။

တခါ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြားမှာတော့ - တချို့လည်း ဒီသန်းခေါင်စာရင်း ကောက်ယူမယ့် ကိစ္စနဲ့ပတ်သက်ပြီး ပြန်သင့်-မပြန်သင့် ဒွိဟဖြစ်နေကြတယ်လို့ FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ပြောပါတယ်။ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက အလုပ်သမားရေး တာဝန်ခံ ဦးကျော်ကျော်လွင် ကတော့ မြန်မာအလုပ် သမားတွေအနေနဲ့ ပြန်စရာ မလိုတဲ့ အကြောင်း သူတို့ကို ပြောဆိုထားတယ်လို့ FTUB မဟာချိုင်ဒေသ တာဝန်ခံ ကိုဖိုးခွား က ပြောပြပါတယ်။

"သန်းခေါင်စာရင်းကတော့ ဦးကျော်ကျော်လွင်တို့ပြောတာပေ့ါနော်။ ကိုယ်က မြန်မာနိုင်ငံသားဖြစ်တယ်။ မြန်မာနိုင်ငံသားဖြစ်ရဲ့သားနဲ့ ပြည်ပမှာ လုပ်ကိုင်စားသောက်နေတယ်။ မြန်မာပြည်မှာပေါ့ ဟိုဟာပေါ့ ဘယ်လိုပြောမလဲ။ မြန်မာပြည်မှာ မိသားစုဝင်တွေ ကျန်ခဲ့တယ်ဆိုရင် သူတို့ကသွင်းပေးလို့ရတယ်ပေါ့နော်။ အဲ့ဒီ့သန်းခေါင်စာရင်းစာရင်းကို သွင်းပေးလို့ရတယ်ပေါ့နော်။ အဲ့တာတွေက ကျယ်ကျယ်ပြန့်ပြန့် တကယ်မသိတဲ့သူက များနေတယ်လေ။ တချို့ကျတော့ ငါတို့ မြန်မာပြည်ကိုပြန်ရတော့မယ်။ သန်းခေါင်စာရင်းလုပ်ရမယ်။ အဲ့လိုမျိုးလူတွေက များတယ်။ "

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကတော့ ဗွီအိုအေ-မြန်မာပိုင်းနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းအတွင်း - သန်းခေါင်စာရင်းကောက်ယူသွားမယ့် ပုံစံနဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့ဖူးပါတယ်။

" ကောက်မယ့်စနစ်က အတန်းအစားလေးမျိုးခွဲလိုက်တာပေါ့နော်။ တစ်က အိမ်ထောင်စုတွေကို ကောက်မယ်။ အိမ်ထောင်စုဆိုတာ အိုးနဲ့အိမ်နဲ့ မိသားစုနဲ့နေတဲ့သူတွေပေါ့နော်။ အဲ့ဒီ့ဟာတွေကိုတော့ ကောက်ကွက်တွေ ဖွဲ့ပြီးတော့ စနစ်တကျကောက်တဲ့ စနစ်လုပ်မယ်။ ဒုတိယက အဖွဲ့အစည်းကို ကောက်တာပေါ့။ အဖွဲ့အစည်းဆိုတာက တပ်မတော်လို ရဲတပ်ဖွဲ့လို၊ အကျဉ်းထောင်တို့လို၊ လူငယ်ဂေဟာတို့လို၊ ဘာသာရေးအဆောက်အဦးလို စသည်ဖြင့်ပေါ့နော်။ ဒီလို ဟိုတယ်တို့ မိုတယ်တို့ ဒီလိုခေါင်းဆောင်အောက်မှာ စုစုစည်းစည်း ရှိနေတဲ့ အိုးပိုင်အိမ်ပိုင် မရှိတဲ့ဟာပေါ့ဗျာနော်။ ဒီလိုအဖွဲ့အစည်းမျိုးကို ကောက်တဲ့ဟာရှိတယ်။ တတိယက သစ်တောထဲမှာ နေတဲ့သူတွေ၊ ဒါလည်း ကျနော် ထင်တယ်။ တစ်သန်းနီးပါးရှိမယ်လို့ ကိန်းဂဏန်းအားဖြင့်မှန်းတယ်။ ၊အကြမ်းဖျင်းအားဖြင့် အဲ့တာကို သစ်တောအရာရှိတွေက ကောက်တဲ့ဟာရှိတယ်။ နောက်တစ်ခုက အိမ်ခြေယာခြေ အတည်တကျမရှိတဲ့ သူပုဂ္ဂိိုလ်များ၊ တောင်းရမ်း စားသောက်သူများ အပါအဝင် အဲ့တာတွေလည်း ကောက်တဲ့စာရင်းရှိတယ်။ ကျနော်တို့ ခွဲပြီး ကောက်မယ်။"

မတ်လ အကုန်ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမယ့် ဒီသန်းခေါင်စာရင်း အစီအစဉ်ဟာဆိုရင် နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူမှုလည်း ဖြစ်ပါတယ်။
XS
SM
MD
LG