သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အကြမ်းဖက်တိုက်ခိုက်မှု ၁၆ နှစ်ပြည့် အထိမ်းအမှတ်


အမေရိကန်ပြည်ထောင်စု နယူးယောက်နဲ့ဝါရှင်တန်ဒီစီမြို့တွေမှာ ၂၀၀၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့က အကြမ်းဖက်အတိုက်အခိုက်ခံခဲ့ရတဲ့ အဖြစ်အပျက်ဟာ အခုဆို၁၆နှစ်ပြည့်ခဲ့ပါပြီ။ စက်တင်ဘာ၁၁ရက် နှစ်ပတ်လည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခန်းအနားတွေကို နယူးယောက်နဲ့ဝါရှင်တန်ဒီစီမြို့တွေမှာ တချိန်ထဲတပြိုင်နက်ထဲမနေ့က ကျင်းပခဲ့ကြပြီး အကြမ်းဖက်သမားတွေအတွက် ပုန်းအောင်းစရာ နေရာမရှိဘူးလို့ အမေရိကန်သမ္မတထရမ့်ကပြောပါတယ်။ ဒီ အကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

အမေရိကန်မြေပေါ်မှာ အဆိုးဝါးဆုံးအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွါးခဲ့တဲ့ ၁၆နှစ်မြောက် စက်တင်ဘာလ၁၁ရက် နှစ်ပတ်လည်နေ့အခန်းအနားကို သမ္မတအိမ်ဖြူတော်မှာ မနေ့ကကျင်းပခဲ့ပြီးမနက်၈နာရီ မိနစ်၄၀အချိန်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ခဏ ငြိမ်သက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၁၁ရက် မနက်၈နာရီ၄၀အချိန်မှာ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦး၂ခုထဲက တခုကို အလ်ခိုက်ဒါးအကြမ်းဘက်သမားတွေက သူတို့ပြန်ပေးဆွဲထားတဲ့လေယာဉ်နဲ့ပထမဆုံးဝင်တိုက်ခဲ့တဲ့အချိန်ပါ။ ၂၃မိနစ် အကြာမှာ နောက်ထပ်အဆောက်အဦးတခုကို ဂျက်လေယာဉ်တစီးနဲ့ထပ်ပြီးဝင်တိုက်ခဲ့လို့ ကမ္ဘာ့ကုန်သွယ်ရေးမိုးမျှော် တိုက်ကြီး၂ခုလုံးပြိုကျပျက်စီးခဲ့ရပါတယ်။

နယူးယောက်မြို့က ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားမှာ အကြမ်းဖက်တိုက်ခိုက်ခံရလို့သေဆုံးခဲ့ရသူတွေရဲ့ နာမည်တွေကို ဖတ်ကြားခဲ့ပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်ရဲ့မြစ်တဘက်ကမ်းက ပန်တဂွန် အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဌာနလည်း စက်တင်ဘာ၁၁ရက်နေ့က လေယာဉ်နဲ့ဝင်တိုက်ခံရတဲ့အထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ မနေ့က ပန်တဂွန်မှာလုပ်ခဲ့တဲ့ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားမှာ အမေရိကန်သမ္မတဒေါ်နလ်ထရမ့် တက် ရောက်ခဲ့ပြီး စက်တင်ဘာ၁၁ရက်နေ့ အကြမ်းဘက်မှုဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းတယ်ဆိုပေမဲ့ ဒီအဖြစ် အပျက်က အမေရိကန်ပြည်ထောင်စုကို ပိုပြီးခိုင်မာသန်စွမ်းလာစေတယ်လို့ပြောခဲ့ပါတယ်။

"အဲဒီနေ့က ကမ္ဘာတင်မက ကျနော်တို့အားလုံးပါ ပြောင်းလဲသွားခဲ့ကြတယ်။ ကျနော်တို့ရင်ဆိုင်နေရတဲ့ မကောင်းဆိုးဝါး မှုရဲ့ အတိမ်အနက်ကို ကျနော်တို့မြင်ခဲ့ကြရတယ်။ ဒါပေမဲ့လည်း အဲဒီလိုအမှောင်ကျနေတဲ့ကာလမှာ ကျနော်တို့တွေ အသစ်တဖန်ပြန်လည်စုစည်းခိုင်မာလာခဲ့ကြတယ်။ ကျနော်တို့တွေရဲ့သဘောထားကွဲလွဲမှုတွေကလည်း ဒီအချိန်မှာ ဘာမှမပြောပလောက်အောင်သေးငယ်သွားခဲ့ပြီး ကျနော်တို့တွေကြားက ရင်းနှီးခိုင်မာမှုတွေကလည်း မကြုံစဖူး ခိုင်မာ လာခဲ့ကြတယ်။ ဒီနေ့ ကျနော်တို့ရပ်နေကြတဲ့ နေရာတွေကတော့ ကျနော်တို့နိုင်ငံညီညွတ်ရေးနဲ့ အားကောင်းခိုင်မာ စေရေး စွန့်လွှတ်ပေးဆပ်ခဲ့သူတွေရဲ့ အထိမ်းအမှတ်နေရာတွေပါပဲ။"

စက်တင်ဘာလ ၁၁ရက်နေ့တုန်းက ပင်ဆလ်ဗေးနီးယားပြည်နယ် Shanksville ဒေသက လယ်ကွင်းထဲကို အကြမ်းဖက် သမားတွေပြန်ပေးဆွဲထားတဲ့နောက်ထပ် လေယာဉ်တစီး ထိုးကျပျက်စီးခဲ့ရပါတယ်။ ဒီလိုလယ်ကွင်းထဲထိုးကျခဲ့ရတာက အကြမ်းဖက်တိုက်ခိုက်မှုလုပ်နေပြီဆိုတာကို သဘောပေါက်လိုက်ကြတဲ့ ခရီးသည်တွေက သမ္မတအိမ်ဖြူတော်၊ ဒါမှ မဟုတ် လွှတ်တော်ကိုဝင်တိုက်ဖို့ ဝါရှင်တန်ဒီစီမြို့တော်ကို ဦးတည်မောင်းနှင်နေတဲ့ လေယာဉ်ကို အကြမ်းဘက်သမား တွေလက်ကနေပြန်ရအောင် ကြိုးပမ်းခဲ့ကြပြီး အကြမ်းဘက်သမားတွေက သူတို့အညံ့ခံမယ့်အစား လေယာဉ်ကို လယ် ကွင်းထဲ ထိုးဆင်းခဲ့ကြတယ်လို့ ယူဆရပါတယ်။ ပင်ဆလ်ဗေးနီးယားပြည်နယ်က ဝမ်းနည်းခြင်းအခမ်းအနားကိုတော့ အမေရိကန် ဒုသမ္မတ Mike Pence တက်ရောက်ခဲ့ပါတယ်။

အကြမ်းဖက်သမားတွေပြန်ပေးဆွဲတိုက်ခိုက်ခဲ့တဲ့ လေယာဉ်၄စီးလုံးမှာပါခဲ့ကြသူတွေအားလုံး စက်တင်ဘာ၁၁ရက်နေ့က သေဆုံးခဲ့ကြပါတယ်။ နယူးယောက်မြို့နဲ့ ပန်တဂွန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှာလည်း လေယာဉ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရလို့ လူတွေအများအပြားသေဆုံးခဲ့ရ ပါတယ်။ အဲဒီနေ့က တိုက်ခိုက်မှုတွေကြောင့် လူ၃ထောင်လောက်သေဆုံးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG