သုံးရလွယ်ကူစေသည့် Link များ

အာဖဂန် ြငိမ်းချမ်းရေးအလားအလာ ကန်-ပါကစ္စတန် ဆွေးနွေး


အာဖဂန်အရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad နဲ့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi (ဧပြီ၊ ၀၅၊ ၂၀၁၉)
အာဖဂန်အရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad နဲ့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi (ဧပြီ၊ ၀၅၊ ၂၀၁၉)

အာဖဂန်အရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad ဟာ သောကြာနေ့က ပါကစ္စတန်နိုင်ငံ Islamabad မြို့တော်ကို ရောက်ရှိပြီး ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ သူ အရင်သွားခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံခရီးစဉ်အတွင်း အာဖဂန်နဲ့ တာလီဘန် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို Zalmay Khalilzad က ပါကစ္စတန်ခေါင်းဆောင်တွေကို တင်ပြခဲ့ပါတယ်။

ပါကစ္စတန်ခရီးစဉ်မတိုင်ခင် အရင်သွားခဲ့တဲ့ ငါးရက်ကြာ အာဖဂန်နစ္စတန်ခရီးစဉ်မှာ Zalmay Khalilzad ဟာ အစိုးရ ထိပ်တန်းအရာရှိတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ အရပ်အဖက် အခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ မြို့တော် Kabul မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ တာလီဘန်တွေနဲ့ အာဖဂန်ဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်နိုင်မယ့် အလားအလာအတွက် ညှိုနှိုင်းမယ့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းဖို့ Zalmay Khalilzad က တိုက်တွန်းခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ ခရီးစဉ်မှာတော့ Zalmay Khalilzad ဟာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြောင်းနဲ့ ပါကစ္စတန်အစိုးရအနေနဲ့ Zalmay Khalilzad ဦးဆောင်တဲ့ ငြိမ်းချမ်းရေး တာဝန်ခံအဖွဲ့အပေါ်မှာ အပြည့်အ၀ ထောက်ခံမှုရှိတယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့ကြောင်း ပါကစ္စတန် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

Zalmay Khalilzad အဆိုအရ အာဖဂန်ဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်အတွက် မရှိမဖြစ်ပါဝင်နေတဲ့ အဓိကအစိတ်အပိုင်းဖြစ်တယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ Zalmay Khalilzad ဟာ သူရဲ့ ပါကစ္စတန်ခရီးစဉ်အတွင်း ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Qamar Javed Bajwa နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း ပါကစ္စတန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အာဖဂန်အရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalizad ဟာ အဖဂန်ဖွား အမေရိကန်နိုင်ငံသားတဦးဖြစ်ပြီး ၁၈နှစ်ကြာမြင့်နေတဲ့ အာဖဂန်စစ်ပွဲ ဖြေရှင်းဖို့ ညှိုနှိုင်းဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့အတွက် တာဝန်ပေးခန့်အပ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG