အမေရိကန် ပြည်ထောင်စု USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ Diversity and Inclusion Scholarship Program (DISP) မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆု ရပ်ဆိုင်းလိုက်ပြီလို့ ဒီအစီအစဉ် နဲ့နီးစပ်သူ တဦးက အတည်ပြုပါတယ်။
Diversity, Inclusion, Equity and Accessibility (မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူ ရပိုင်ခွင့်) အစီအစဉ်တွေကို အမေရိကန် သမ္မတ ထရမ့်နဲ့ အမိန့် ရပ်ဆိုင်းထားခိုင်းအပြီး ပြည်ပနိုင်ငံတွေကိုပေးနေတဲ့ အကူအညီတွေကို ဆိုင်းငံ့လိုက်တဲ့အထဲ အခု ပညာတော်သင်ဆု အစီအစဉ်လည်း ပါဝင်သွားတာပါ။ အခုလို ပယ်ဖျက်လိုက်တဲ့အတွက် အခုလက်ရှိ ပညာတော်သင်ဆု ရနေတဲ့ မြန်မာ ကျောင်းသားကျောင်းသူ ၄၀၀ ကျော်လောက်ကို ဘယ်လို ဆက်လက်ထောက်ပံ့မလဲ ဆိုတာကိုလည်း သေချာမသိရသေးပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ ပညာသင်ကြားရေး အခက်အခဲရှိတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်ကြားဖို့ အမေရိကန်ပြည်ထောင်စုက ဒီဆုကို ၂၀၂၃-၂၀၂၄ ခုနှစ်က စတင်ခဲ့တာပါ။
ပညာတော်သင်ဆု ရရှိသူတွေဟာ ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက တက္ကသိုလ် မှာ လူကိုယ်တိုင် တက်ရောက်တာအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနား တက္ကသိုလ်ရဲ့ အွန်လိုင်း စနစ်ကနေလည်း ပညာသင်ကြားခွင့်ရရှိမှာပါ။ ဒီဆုဟာ ကျောင်းသား ကျောင်းသူ ပေါင်း ၈၀၀ လောက် နဲ့ ပညာသင်ကာလ ၅ နှစ်တာ အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၅ သန်း ပေးအပ်ဖို့ စီစဉ်ထားခဲ့တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖေါ်ရာမှာ လိုအပ်တဲ့ ပညာရေးအတွက် ၄ နှစ် ဘွဲ့ကြို ၊ ဘွဲ့လွန် မဟာဘွဲ့ နဲ့ ပါရဂူဘွဲ့တွေအပြင် certificate အသိအမှတ်ပြုလက်မှတ်နဲ့ ဒီပလိုမာအစီအစဥ် တော်တော်များများအတွက်လည်းပေးအပ်ဖို့ စီစဉ်ခဲ့တဲ့ ပညာတော်သင်ဆု ဖြစ်ပါတယ်။
Forum