သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ပညာတတ် လူငယ်မျိုးဆက်မပျောက်အောင် ကန် ကူညီထောက်ပံ့မည် 


မြန်မာနိုင်ငံမှာ ပညာတတ် လူငယ်မျိုးဆက်မပျောက်အောင် ကန် ကူညီထောက်ပံ့မည် 

အနာဂါတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်ကြားဖို့ မြန်မာကျောင်းသူ ကျောင်းသား ထောင်နဲ့ချီအတွက် ပညာတော်သင်ဆုပေးအပ်မယ့် အစီအစဥ်သစ်နဲ့ ပတ်သတ်ပြီး USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပညာတတ် လူငယ်မျိုးဆက် ပျောက်ဆုံးတာမျိုး မဖြစ်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။ ဘန်ကောက်မြို့ကနေ ကိုအောင်အောင် သတင်းပေးပို့ထားပါတယ်။

ဘန်ကောက်မြို့ Jim Thompson Art Center မှာ ကျင်းပတဲ့ ပညာတော်သင်ဆုနဲ့ ပတ်သတ်ပြီး မိတ်ဆက်ကြေညာတဲ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲ Susan Steveenson လည်း တက်ရောက်ပါတယ်။

"၁၉၉၀ ခုနှစ်ကာလတွေတုန်းက တက္ကသိုလ်ကျောင်းတွေရဲ့ အခြေအနေကို ပြန်အမှတ်ရမိစေပါတယ်။ ကျောင်းသားတွေဟာ ဘွဲ့ရဖို့ ၁၀ စုနှစ်နဲ့ချီ အချိန်ကြာမြင့်ခဲ့ပါတယ်။ အထောက်အကူပြုပေးတာမျိုးမရှိဘူးဆိုရင် မြန်မာနိုင်ငံအနေနဲ့ လူငယ်မျိုးဆက်သစ်တရပ် ပျောက်ဆုံးတော့မဲ့ အန္တရာယ်ကိုလည်း ရင်ဆိုင်နေရတာပါ။"

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖေါ်ရာမှာ လိုအပ်တဲ့ ပညာရေးအတွက် ၄ နှစ် ဘချ်လာဒီဂရီ၊ မာစတာဒီဂရီနဲ့ ၊ PHD ဘွဲ့တွေအပြင် certificate အသိအမှတ်ပြုလက်မှတ်နဲ့ ဒီပလိုမာအစီအစဥ် တော်တော်များများအတွက်လည်း ပညာတော်သင်ဆု လျှောက်ထားနိုင်ပါတယ်။ အသက် ၂၅ နှစ်အောက်လူငယ် ၄၅ ရာခိုင်နှုန်းရှိနေတဲ့ မြန်မာနိုင်ငံ အခက်အခဲမျိုးစုံအကြား ပညာသင်ကြားဖို့ အခက်တွေ့နေရတဲ့ အခြေအနေတွေကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုအပ်ချက်ကို ဖြည့်ဆီးပေးတာဖြစ်တဲ့အကြောင်းလည်း အခုလို ပြောကြားပါတယ်။

"သူတို့ တတ်စွမ်းသမျှ အကောင်းဆုံးကြိုးစားပြီး သူတို့ရဲ့ အနာဂါတ်အတွက်သာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ အနာဂါတ်အတွက်၊ အဆင့်မြင့်ပညာရေးကို ဆက်လက် သင်ကြားနိုင်ခွင့် ရဖို့ ဆောင်ရွက်ပေးသွားမှာပါ။ မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆု အစီအစဥ်ဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ တနည်းတလမ်းအားဖြင့် အထောက်အပံ့ပေးတာဖြစ်ပါတယ်။"

DISP မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆု ရရှိသူတွေဟာ ထိုင်းနိုင်ငံနဲ့ အာရှ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနား တက္ကသိုလ်ရဲ့ အွန်လိုင်း စနစ်ကနေလည်း ပညာသင်ကြားခွင့်ရရှိမှာပါ။ USAID အနေနဲ့ အခုပညာတော်သင်ဆုအပြင် မြန်မာကျောင်းသူကျောင်းသား ရာဂဏန်းကို လင်ကွန်းပညာတော်သင်ဆု ပေးအပ်ခဲ့ပါတယ်။ လူငယ်မျိုးဆက်တွေအတွက် ပညာသင်ကြားပေးခွင့်ရဖို့ အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေးဂျင်စီ USAID အာရှရေးရာ လက်ထောက် အုပ်ချုပ်ရေးမှူး Michael Schiffer က အခုလို ပြောပါတယ်။

"အသိပညာ အတတ်ပညာ ရရှိမယ့် အဆင့်မြင့်ပညာသင်ကြားခွင့်ရမှာသာ ကျောင်းသားတွေအနေနဲ့ နိုင်ငံတည်ဆောက်ရာမှာ အသုံးဝင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ဖြစ်လာမယ်ဆိုတာကို ကျနော်တို့ ယုံကြည်ပါတယ်။"

DISP ပညာသင်ဆု အစီအစဥ်ဟာ ဒေသတွင်း အဆင့်မြင့်ပညာရေးကဏ္ဍနဲ့ပတ်သတ်လို့ မဟာဗျူဟာမြောက် ရင်းနှီးမြှပ်နှံမှု ဖြစ်ကြောင်းလည်း Schiffer က ပြောဆိုပါတယ်။ ဒါ့အပြင် အခုလို အစီအစဥ်ဟာ ပညာရေးနဲ့ ပတ်သတ်ပြီး အလေးထားတဲ့ အမေရိကန်ရဲ့ သန္နိဋ္ဌာန်ချဆောင်ရွက်မှုကို ပြသလိုက်တာဖြစ်သလို မြန်မာနဲ့ ကမ္ဘာတလွှားမှာ ကောင်းမွန်တဲ့အကျိုးဆက်တွေ ပေါ်ပေါက်လာဖို့အတွက် ဖြစ်တယ်လို့လည်း Michel Schiffer က ကြေညာချက်ထဲမှ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံတွင်းနဲ့ နယ်စပ်ဒေသက ပညာတော်သင်ဆုလျှောက်ထားသူတွေကို ရွေးချယ်ရာမှာ နိုင်ငံအတွက် ဦးဆောင်ဦးရွက် ဘာတွေဆောင်ရွက်ခဲ့လဲ ဆိုတဲ့အပေါ် မူတည် ရွေးချယ်မှာြဖစ်သလို ပညာတော်သင်ဆုကနေ ကိုယ့်လူမှုအသိုင်းအဝိုင်းအတွက် ဘယ်လို အကျိုးပြုနိုင်မလဲဆိုတဲ အစီအစဥ်နဲ့ ပတ်သတ်ပြီးတော့လည်း ရှင်းရှင်းလင်းလင်း သိရှိထားဖို့ လိုအပ်ကြောင်း USAID က ပြောဆိုထားပါတယ်။ ပညာသင်ကြားပြီးတဲ့အခါမှာလည်း ကိုယ့်ဌာနေ လူမှုအသိုက်အဝန်းကြား ပြန်သွားပြီး မတူကွဲပြားမှုတွေကို ဖြေရှင်း ကျော်လွှားကာ အတူပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG