သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို ကိုင်တွယ်နိုင်ရေး ထိုင်းလွှတ်တော်မှာ ဆွေးနွေးဖို့ မြန်မာ့လှုပ်ရှားသူတွေ မျှော်လင့်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ လွှတ်တော်အဆောက်အဦ (ဩဂုတ်၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ လွှတ်တော်အဆောက်အဦ (ဩဂုတ်၊ ၂၀၂၃)

မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေကျရင် ထိုင်းလွှတ်တော်မှာဆွေးနွေးမယ့် မြန်မာ့အရေးဆွေးနွေးပွဲကနေ လူ့အခွင့်အရေးဆိုးဆိုးဝါးဝါးချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို ထိထိရောက်ရောက် အရေးယူနိုင်မယ့်ကိစ္စတွေ ဆွေးနွေးမယ်လို့ မျှော်လင့်ကြောင်း Fortify Rights အဖွဲ့အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောကြားလိုက်ပါတယ်။ ထိုင်းလွှတ်တော်ထဲမှာ မြန်မာ့အရေးဆွေးနွေးတာမို့ သိပ်ကို ထူးခြားတယ်လို့ VOA မြန်မာပိုင်းကို ခုလိုပြောကြားပါတယ်။

"ရက်စက်ဆိုးဝါးတဲ့ ပြစ်မှုတွေ ဆက်လက်ကျူးလွန်နေနိုင်အောင် ဒီဒေသထဲကနိုင်ငံရေးသမားတွေ လှစ်လျူရှုနေခဲ့တာ သိပ်ကိုကြာနေပါပြီ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်ရလာအောင် ထိုင်းနိုင်ငံနဲ့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အရေးတယူ ပိုဆောင်ရွက်လာဖို့ မျှော်လင့်ပါတယ်"

ထိုင်းနိုင်ငံမှာသာမက အာဆီယံဒေသတခုလုံးက ဘဏ္ဍာရေးလုပ်ငန်းတွေကို စစ်တပ်အသုံးပြုလို့ မရအောင် ကန့်သတ်ထိန်းချုပ်တာ၊ မြန်မာနိုင်ငံထဲမှာ စစ်တပ်ကျူးလွန်နေတဲ့ ကြီးမားကျယ်ပြန့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိလာအောင် လက်တွေ့ဆောင်ရွက်မှုတွေ ပိုလုပ်လာဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။ အရှေ့တောင်အာရှမှာ ICC အဖွဲ့ဝင်နိုင်ငံ ၂ ခုထဲမှာ ၁ ခုပါတဲ့ Timor-Leste (အရှေ့တီမောနိုင်ငံ) အနေနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC မှာ တရားစွဲတာမျိုး စတင်လုပ်နိုင်တယ်လို့ Fortify Rights အဖွဲ့အမှုဆောင်အရာရှိချုပ် Matthew Smith ကအကြံပြုပါတယ်။

စစ်တပ်ရဲ့ဆိုးဝါးတဲ့ ကျူးလွန်မှုတွေအကြောင်းတင်မကပဲ ဒီ့အတွက်အဖြေရှာဖို့ ထိုင်းလွှတ်တော်ထဲမှာ နိုင်ငံအစုံက ပါဝင်ဆွေးနွေးကြမယ့် ဆွေးနွေးပွဲဖြစ်တာမို့ စစ်အစိုးရလုံးဝ ကြိုက်မှာမဟုတ်တဲ့ ဆွေးနွေးပွဲမျိုးလို့လည်း သူကဖော်ပြပြောဆိုခဲ့ပါတယ်။ ထိုင်းလွှတ်တော်မှာ အမတ်အများဆုံး နေရာရထားတဲ့ Move Forward အတိုက်အခံပါတီက ဦးစီးပြုလုပ်မယ့် ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ NUG နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်အပါအဝင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ သတင်းသမားတွေ၊ ထိုင်းနိုင်ငံ နိုင်ငံရေးပါတီတွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်အကြာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သွားရေးနဲ့ ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးသက်ရောက်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

Forum

XS
SM
MD
LG