သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ထိုင်းသံရုံးမှာ ထိုင်းဗီဇာလာလျှောက်သူ ၇,၀၀၀ ကျော်ရှိလာ


စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းပြီးနောက် ထိုင်းနိုင်ငံသံရုံးရှေ့မှာ ဗီဇာလာလျှောက်သူတွေ သံရုံးဖွင့်ဖို့ ကြိုတင်စောင့်ဆိုင်းနေကြစဥ်။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၄)
စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းပြီးနောက် ထိုင်းနိုင်ငံသံရုံးရှေ့မှာ ဗီဇာလာလျှောက်သူတွေ သံရုံးဖွင့်ဖို့ ကြိုတင်စောင့်ဆိုင်းနေကြစဥ်။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ 'စစ်မှုမထမ်းမနေရ' ဥပဒေကျင့်သုံးမယ်ဆိုတဲ့ ကြေညာချက် ထွက်လာခဲ့တဲ့နောက်မှာ ရန်ကုန်ထိုင်းသံရုံးမှာ ဗီဇာလာလျှောက်သူက ၇,၀၀၀ ကျော်သွားပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း Bangkok Posts မှာ ဖေါ်ပြပါတယ်။

အွန်လိုင်းကလျှောက်ထားဖို့တန်းစီရတဲ့ လက်မှတ်အရေအတွက်ကို အခုအခါမှာ ၂ ဆတိုးပြီး တနေ့ကိုအယောက် ၈၀၀ အတွက် ချထားပေးနေရကြောင်းနဲ့ သတ်မှတ်ဦးရေဟာ မတ်လ ၁ ရက်နေ့အထိ ပြည့်နေပြီဖြစ်ပေမယ့် လျှောက်လွှာတင်သူတွေ ဆက်ပြီး တိုးလာဖို့ရှိတယ်လို့ သံရုံးပြောခွင့်ရ ကန်ချန ပါတာရာချုပ် က ကြာသပတေးနေ့မှာ ပြောပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီချက်အရ မြန်မာနိုင်ငံသားတွေဟာ ဗီဇာမပါဘဲ ထိုင်းနိုင်ငံကိုဝင်ခွင့်ရှိပေမယ့် ၁၄ ရက် အထိပဲ နေခွင့်ရှိတယ်လို့လည်း ပြောပါတယ်။

စစ်မှု မထမ်းမနေရဥပဒေကို ဧပြီလမှာ စတင်ကျင့်သုံးမယ်လို့ မြန်မာစစ်ကောင်စီရဲ့ကြေညာချက် ထွက်လာချိန်ကစပြီး မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံဘက် ထွက်သွားနေတာဖြစ်ပါတယ်။ ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ယောင်္ကျားလေးတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးတွေဟာ အနည်းဆုံး ၂ နှစ် စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

ဗီဇာလာလျှောက်သူတိုးလာတာဟာ ဒီ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းလိုက်တာကြောင့် ဟုတ်မဟုတ်တော့ သေသေချာချာမသိဘူးလို့လည်း သံရုံးပြောခွင့်ရက ပြောပါတယ်။ မြန်မာဒုက္ခသည်အများအပြားကို လက်ခံထားရတဲ့ ထိုင်းနိုင်ငံဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်း နောက်ထပ် ခိုလှုံလာသူတွေအရေးကို ကိုင်တွယ်နေရတာဖြစ်ပြီး ထိုင်းအတိုက်အခံ FAIR ပါတီ ကတော့ ထိုင်းကိုထွက်ပြေးလာတဲ့မြန်မာတွေကို လူသားစာနာမှုအရ အကူအညီပေးဖို့ တောင်းဆိုထားပါတယ်။

အခုလို ဗီဇာနဲ့ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာတွေ တိုးလာနေသလို ထိုင်းကို မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၀၀-၈၀၀ လောက် နေ့စဉ်လိုလို တရားမဝင် လာရောက်နေတဲ့အရေးကိုပါ ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရအနေနဲ့ အခု ပထမ ၆ လအတွင်းမှာပဲ အလုပ်သမားရေး အစီအစဉ်တွေချမှတ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းလည်း FAIR ပါတီက Kannavee Suebsang က ပြောပါတယ်။

ရန်ကုန် ထိုင်းသံရုံးမှာ ထိုင်းဗီဇာလာလျှောက်သူ ၇,၀၀၀ ကျော်ရှိလာ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG