သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူသားချင်းစာနာမှု ထိုင်းအကူအညီ ကန်လက်တွဲဆောင်ရွက်မည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara တို့ ဝါရှင်တန်မှာတွေ့ဆုံ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara တို့ ဝါရှင်တန်မှာတွေ့ဆုံ

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိဝင်ရောက်နိုင်ရေး စစ်ကောင်စီက သတ်မှတ်ပေးထားတဲ့ အဖွဲ့အစည်းတွေတင်မကဘဲ အမှန်တကယ် အကူအညီလိုအပ်နေတဲ့ လူတဦးချင်းနဲ့ အဖွဲ့တွေထံ အကူအညီရောက်ရှိစေရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်းအစိုးရနဲ့ လက်တွဲ လုပ်ဆောင်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်နဲ့ ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Parnpree Bahiddha-Nukara တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် (တနင်္လာနေ့) က ဝါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံက ပိုမိုဆိုးရွားလာနေတဲ့အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းရေးအတွက် ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့တို့ရဲ့ ကြိုးပမ်းမှုပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံနယ်စပ်နဲ့ ဒေသတွင်းက စစ်ဘေးသင့်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးချဲ့ပေးရေး အရေးတကြီး လိုအပ်ကြောင်း အလေးပေးဆွေးနွေးခဲ့ကြတယ်လို့ အမေရိက နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မက်သရူးမီလာက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့အကျပ်အတည်းမှာ သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရေး၊ မတရား ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးရေး၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လည်ပို့ဆောင်ရေး စစ်ကောင်စီကို တိုက်တွန်းဖို့လည်း အလေးပေးဆွေးနွေးခဲ့တယ် ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေ အထူးသဖြင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို နှစ်ကာလကြာရှည်လက်ခံထားပြီး ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ အသက်ကယ် အကူအညီ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ၊ ရေသန့်နဲ့ မိလ္လာသန့်ရှင်းမှုအပါအဝင် ဒုက္ခသည်ဆိုင်ရာကိစ္စရပ်တွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်းနိုင်ငံ ဆယ်စုနှစ်များစွာ ပူးပေါင်းဆောင်ရွက်နေကြာင်း နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေ၊ ခိုလှုံခွင့်လျှောက်ထားကြသူတွေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေအတွက် အကူအညီပေးနေတဲ့ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးချဲ့ဆောင်ရွက်ရေး ထိုင်းမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG