သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Raqqa ရှိ IS အစွန်းရောက်တွေကို မဟာမိတ်တပ်တွေမောင်းထုတ်


ဆီးရီးယားနိုင်ငံ Raqqa မြို့က အိုင်အက်စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ နေရာတွေထဲက နောက်ဆုံး ရပ်ကွက်တွေကို ပြန်လည် ထိမ်းချုပ်နိုင်ပြီလို့ အမေရိကန်တွေ ပံ့ပိုးပေးနေတဲ့ SDF ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ က အင်္ဂါနေ့မှာ ပြောကြား လိုက်သလို အမေရိကန် ဦးဆောင်တဲ့ အိုင်အက်စ် တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့လည်း ဒီမြို့ဟာ လွတ်မြောက်ခါ နီးနေပြီလို့ ပြောပါတယ်။

Raqqa မှာ တိုက်ပွဲတွေ ပြီးဆုံး သွားပြီ ဖြစ်ကြောင်း Kurds နဲ့ အာရပ်ပြည်သူ့စစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ SDF အဖွဲ့က ပြောခွင့်ရက ပြောပါတယ်။ သူတို့ အဖွဲ့သားတွေဟာ အိုင်အက်စ်တွေ ဌာနချုပ် လုပ်ထားတဲ့ ဆေးရုံကို သိမ်းပိုက်ပြီးတဲ့ နောက်မှာ သူတို့ နောက်ဆုံး ခြေကုပ်ယူထားတဲ့ အားကစားရုံကို ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။

သူတို့ အဖွဲ့ဟာ ဇွန်လ ကစပြီး Raqqa မှာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်ညွန့်ပေါင်း အဖွဲ့က လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပံ့ပိုး ကူညီခဲ့တာ ဖြစ်ပါတယ်။

Raqqa မှာ ၉၀ ရာခိုင်နှုန်းလောက်ဟာ SDF တွေရဲ့ ထိမ်းချုပ်မှုအောက် ရောက်နေပြီဖြစ်ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ မဟာမိတ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး Ryan Dillon ကပြောပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေဟာ အရှေ့ပိုင်း ခရိုင်ဖြစ်တဲ့ Deir el-Zour တဝိုက်နဲ့ တောင်ပိုင်း အစွန်းက Euphrates မြစ်ကြောင်း ရှိရာ တောင်ကြားဒေသတွေမှာ ထိမ်းချုပ် ထားဆဲ ဖြစ်ပါတယ်။

SDF က Raqqa ကို ပြန်လည် ထိမ်းချုပ် နိုင်ပေမယ့် အဲဒီဒေသမှာ လူသားချင်းစာနာမှု ဆိုင်ရာ ပြဿနာက သိပ်ကို ဆိုးဝါးနေတယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG