သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ခေါင်းဆောင်မှု ပြန်လည်တည်ဆောက်မည် - Antony Blinken


ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Antony Blinken။ (ဇန်နဝါရီ ၁၉၊ ၂၀၂၁)
ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Antony Blinken။ (ဇန်နဝါရီ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန် သမ္မတအသစ်ဖြစ်လာမယ့် Joe Biden နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ထားတဲ့ Antony Blinken က နိုင်ငံရပ်ခြားမှာ တည်ရှိပြီးသားဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်မှု ပြန်လည်တည်ဆောက်သွားမယ့် သူ့ရဲ့ မျှော်မှန်းချက် အစီအစဉ်ကို နှိမ့်ချမှုနဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံတည်ဆောက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ VOA သတင်းထောက် Cindy Saine သတင်းပေးပို့ထားပါတယ်ရှင်။

ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Antony Blinken ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ခန့်အပ်ဖို့ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ ကြားနာစစ်ဆေးမှုကို အင်္ဂါနေ့ကပြုလုပ်ခဲ့ပါတယ်။ အဲဒီကြားနာပွဲမှာ Blinken က နိုင်ငံရပ်ခြားမှာ အမေရိကန်နိုင်ငံရဲ့ ဦးဆောင်မှုအပေါ်ထားရှိတဲ့ သူ့ရဲ့ အမြင်ကိုပြောကြားခဲ့ပါတယ်။

"နှိမ့်ချဆက်ဆံရပါမယ်။ ကျနော်တို့က ပြည်ပဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့ ပြည်တွင်းမှာလုပ်စရာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ လုပ်သမျှအားလုံးကို ယုံကြည်မှုအပြည့်နဲ့ လုပ်မှာပါ။ ကမ္ဘာကြီး ကောင်းကျိုးအတွက် တခြားနိုင်ငံတွေကို စုစည်းပြီး ဦးဆောင်နိုင်ဖို့ အရည်အချင်းတွေ အမေရိကန်နိုင်ငံမှာ ရှိနေပါသေးတယ်။"

သမ္မတ Trump ကို ထောက်ခံသူတွေ အမေရိကန်လွှတ်တော်တွင်း ဝင်ရောက်စီးနင်းမှုတွေဖြစ်ခဲ့တာကို ရည်ညွှန်းခဲ့ပြီးတဲ့နောက်ဒီမိုကရက်အထက် လွှတ်တော်အမတ် Bob Menendez က ပြည်တွင်းမှာ ဒီမိုကရေစီကို လေးစားလိုက်နာမှုက ပြည်ပမှာ အမေရိကန်ရဲ့ဦးဆောင်မှုနဲ့ ဆက်စပ်နေတယ်လို့ပြောပါတယ်။

"ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လွှတ်တော်ကို တိုက်ခိုက်ခံရတဲ့အတွက် သတိပေးလိုက်တဲ့အချက်ကတော့ပြည်ပမှာ အာဏာလက်တံဆန့်နိုင်ဖို့က ပြည်တွင်း ဒီမိုကရေစီ ခိုင်မာအားကောင်းမှုနဲ့ ခွဲခြားလို့ မရအောင်ဆက်စပ်နေတယ်ဆိုတာပါ။"

နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့တော့ Blinken ရဲ့ အမြင်က သမ္မတ Trump အစိုးရအဖွဲ့နဲ့ တချို့အချက်တွေမှာ တူညီမှုရှိပါတယ်။

"သမ္မတ Trump ဘက်က တရုတ်ကို တင်းတင်းမာမာကိုင်တွယ်တာ မှန်တယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ ကဏ္ဍအတော်များများမှာ သူလုပ်ပုံကိုင်ပုံတွေကို ကျနော် သိပ်သဘောမတွေ့လှပေမဲ့ အခြေခံမူအားဖြင့်တော့ သူလုပ်တာမှန်ပါတယ်။ ဒါက ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို အမှန်တကယ်အထောက်အကူပေးတယ်လို့ ထင်ပါတယ်။"

ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် Ron Johnson ကလည်း အခုလို ပြောပါတယ်။

"တရုတ်နိုင်ငံရဲ့ ဆိုးရွားတဲ့ အကြံအစည်တွေကို အားလုံးမြင်အောင် သမ္မတ Trump လုပ်နိုင်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။"

ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေရဲ့ ခြေခြေမြစ်မြစ် ရှိပြီး ဝေဖန်ထိုးနှက်တဲ့ လေသံမပါတဲ့ ဒီကြားနာမှုကို နိုင်ငံရေးလေ့လာသူတွေက ကြိုဆိုကြပါတယ်။ ဒီအပေါ် အမေရိကန် တိုးတက်ဖွံ့ဖြိုးရေးစင်တာ က Brian Katulis က

"ဒီကြားနာပွဲမှာ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး လုပ်ရိုးလုပ်စဉ် အခြေအတင်ဆွေးနွေးတဲ့ ပုံစံကို ပြန်ပြီး လိုလားကြတယ်လို့ ကျနော် ယူဆပါတယ်။ အထူးသဖြင့် အရင်က သမ္မတ Trump အစိုးရဖြစ်ဖြစ်၊ Obama အစိုးရဖြစ်ဖြစ် လွှတ်တော်နဲ့ အသေးစိတ်မတိုင်ပင်လိုတဲ့ စိတ်ထားမျိုး မရှိတော့သလိုပါဘဲ။ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ တိုင်ပင် ဆွေးနွေးမှုတွေလုပ်ဖို့ တကယ်ပဲ ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။"

ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတဦးအနေနဲ့ Blinken မှာ နိုင်ငံခြားရေးရာ အတွေ့အကြုံရှိတာကို အထက်လွှတ်တော် အမတ်အတော်များများ သဘောတူကြပုံပေါ်ပါတယ်။ ဒီမိုကရေစီကို ကာကွယ်သူများဖောင်ဒေးရှင်းအဖွဲ့က လေ့လာသုံးသပ်သူ Bradley Bowman ကည်း တသဘောထားထဲရှိပါတယ်။

"ကျနော့် အမြင်ကတော့ Blinken ဟာ အတွေ့အကြုံရှိပြီး စွမ်းဆောင်ရည်ရှိတဲ့ သူတယောက်ပါ။ ကျနော်တို့ရင်ဆိုင်နေရတဲ့ ကိစ္စရပ် တော်တော်များများနဲ့ ပတ်သက်လို့ သူ့မှာ နက်နဲတဲ့အသိအမြင်အများကြီး ရှိပါတယ်။ နှစ်ပါတီစလုံးက အချိန်မဆိုင်းဘဲ သူ့ကို အတည်ပြုခန့်အပ်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။"

အီရန်၊ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားအရေးတွေအပါအဝင် အမေရိကန်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက စောင့်ကြိုနေတာကြောင့် Blinken ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ်အတည်ပြုခန့်အပ်ရေးကို အထက်လွှတ်တော်အနေနဲ့ အလျင်အမြန် လုပ်ဆောင်နိုင်လိမ့်မယ်လို့ အထက်လွှတ်တော် အမတ်အတော်များများကလည်း ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG