အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့နှစ်သစ်မှာ ကျရောက်တဲ့ သင်္ကြန်အခါသမယမှာ မြန်မာပြည်သူပြည်သားတွေနဲ့အတူ စည်းလုံးညီညွတ်စွာနဲ့ ရပ်တည်နေပြီး မြန်မာပြည်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က သင်္ကြန် အကြိုနေ့မတိုင်ခင် ဧပြီလ ၁၁ ရက် (ကြာသပတေးနေ့) က ထုတ်ပြန်ပါတယ်။
သင်္ကြန် အချိန်အခါဟာ တနှစ်တာအတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ဆင်ခြင်သုံးသပ်ဖို့ အချိန်ဖြစ်သလို နှစ်သစ်ကို မျှော်ကြည့်ဖို့ အခွင့်အရေးတခုလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံမှာ အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ဖိနှိပ်မှုတွေဟာ ဆက်လက် မြင်တွေ့ခဲ့ရတယ်လို့လည်း ဝန်ကြီးဘလင်ကန်က ပြောပါတယ်။
အခုနောက်ဆုံးအဖြစ်အာဏာသိမ်း စစ်ကောင်စီဟာမဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေကိုအကောင်အထည် ဖော်လိုက်တာက မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေကို ပိုပြီးတိုးလာစေတယ်လို့လည်း သူက ထောက်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ့ အကျပ်အတည်းအဆုံးသတ်ရေး ကြိုးပမ်းနေသူအားလုံးကို ဆက်လက်ပံ့ပိုးပြီး မြန်မာနိုင်ငံအတွက် အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီအနာဂတ် ဖြစ်မြောက်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားတွေ အပေါ် ကျူးလွန်မှုတွေကိုလည်း တာဝန်ခံ၊ တာဝန်ယူမှု ရှိစေဖို့ နိုင်ငံတကာနဲ့ အတူဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးဘလင်ကန်က ထပ်လောင်း ပြောဆိုပါတယ်။ စိတ်ကူးကြည့်လို့တောင် မရတဲ့ ကြီးစွာသောဆင်းရဲဒုက္ခကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူပြည်သားတွေဟာ ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်အား အကြိမ်ကြိမ် ပြသခဲ့တာကိုလည်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးကျူးခဲ့ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြားမှာ သင်္ကြန် အချိန်အခါရဲ့ အသစ်ပြန်လည်ဆန်းသစ်တဲ့ စိတ်ဓာတ်ကို အရင်းပြုပြီး မြန်မာပြည်သူပြည်သားတွေ အတွက် မျှော်လင့်ချက်အသစ်တွေ ဆောင်ကြဉ်းနိုင်ဖို့ကိုလည်း ဝန်ကြီးဘလင်ကန်က ထုတ်ပြန်ချက်ထဲမှာ ဆုမွန်ကောင်းထားပါတယ်။
Forum