သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေး ၈၈ သန်းကျော်ကူညီဖို့ ကန်အစိုးရ အဆိုပြု


လာမယ့် ၂၀၁၅ ခုနှစ် အမေရိကန်အစိုးရ ဘတ်ဂျက်အသုံးစရိတ်ထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အထောက်အပံ့ ဖြစ်စေဖို့ရာ အမေရိကန်ဒေါ်လာ ၈၈ သန်းကျော် အသုံးပြုဖို့ နိုင်ငံခြားရေးဌာနက အဆိုပြု လျာထားပါတယ်။

ဒီအထဲမှာ မြန်မာစစ်တပ်ကို ပညာပေးသင်တန်းပေးဖို့ အသုံးစရိတ်လည်း ပါဝင်တာပါ။ အောက်လွှတ်တော်မှာလုပ်တဲ့ မနေ့က ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ ကြားနားပွဲတခုမှာတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အနာဂတ်မှာ ဘယ်လိုထိစပ်သွားမလဲဆိုတာ အသေအချာ ဗျူဟာမရှိဘူးလို့ လွှတ်တော်ကော်မတီ ဥက္ကဌက ဝေဖန်သွားပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၅ ခုနှစ် ဘတ်ဂျက်လျာထားချက်ထဲမှာ IMET လို့ ခေါ်တဲ့ နိုင်ငံတကာ စစ်တပ်တွေကို ပညာပေးသင်တန်းပေးဖို့ ၁၂ ဒဿမ ၅ သန်း အဆိုပြုထားပါတယ်။

ဒီအစီအစဉ်ဟာ ဒေသတွင်းက အနာဂတ်စစ်ခေါင်းဆောင်တွေနဲ့ အမေရိကန် ဆက်ဆံရေး ခိုင်မာတိုးတက်လာဖို့ ရည်ရွယ်သလို၊ အဲဒီစစ်တပ်တွေမှာ အမေရိကန်စစ်တပ်ရဲ့ ဒီမိုကရေစီ အလေ့အကျင့်တွေ လေ့လာနိုင်စေဖို့ ဖြစ် တယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မနေ့က အောက်လွှတ်တော် ကြားနာပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံအတွက် လျာထားတဲ့ ဒေါ်လာ ၈၈ သန်းကျော်ထဲမှာလည်း မြန်မာ စစ်တပ်ကို လေ့ကျင့်သင်တန်းပေးဖို့ဆိုတာ ပါဝင်ပါတယ်။ အောက်လွှတ်တော် အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးဆပ်ကော်မတီ ဥက္ကဌ Steve Chabot ကတော့ အစိုးရတင်ပြတဲ့ ဒီအစီအစဉ်အပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။

“အခုအချိန်မှာ ဒီတိုးတက်မှုတွေ ဘာမှ ထပ် ဖြစ်မလာသလိုပဲ အချို့နေရာတွေမှာဆို ပိုတောင် ဆိုးရွားလာပါတယ်။ မြန်မာစစ်တပ်နဲ့ ထိစပ်ဆက်ဆံမှုမှာ IMET ခေါ်တဲ့ စစ်ဖက်ပညာပေးမှုသင်တန်းတွေ ပေး ဖို့ ဒေါ်လာ ၂ သိန်းခွဲ လျာထားတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီစစ်တပ်ဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှု ရပ်သေးတာ မဟုတ်ပါဘူး။ တိုင်းရင်းသား လူနည်းစုတွေနဲ့ တိုက်ခိုက်မှုတွေကို ရပ်သေးတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာ အပါအဝင် အခြားလူနည်းစု လူမျိုးတွေအပေါ် ဖိနှိပ်ညှဉ်းပမ်းမှုတွေ ရှိနေတုန်းပါ။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်ချက်ကိုလည်း အဟန့်အတား ဖြစ်နေပါတယ်။”

ဒီလို အခြေအနေမှာပဲ အမေရိကန် အစိုးရအနေနဲ့က မြန်မာစစ်တပ်နဲ့ အနာဂတ်မှာ ဘယ်လို ထိစပ် ဆက်ဆံသွားမလဲဆိုတဲ့ မဟာဗျူဟာ အသေအချာ ချမှတ်ထားတာမျိုး မရှိဘူးလို့ အောက်လွှတ်တော်အမတ် မစ္စတာ Chabot က ဝေဖန်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရပိုင်းက ချဉ်းကပ်မှုတွေကိုလည်း မြန်ဆန်လွန်းတယ်ဆိုပြီး စိတ်ပျက်တဲ့အကြောင်း ပြော ပါတယ်။

“ဖွဲ့စည်းပုံဆိုတာကိုလည်း အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင် တာ မရှိပါဘူး။ ဒီအတိုင်းဆိုရင်တော့ စစ်တပ်အနေနဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတာ အပါအဝင် စစ်တပ်က အရပ်သားအစိုးရကို ဆက်ပြီး လွှမ်းမိုးထားနိုင်မှာပါ။ ဒါဟာ သမ္မတရွေးချယ်မှု အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အရွေးချယ်ခံနိုင်ခွင့်လည်း ကန့်သတ် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းကျကျ မြန်မာလူထုရဲ့ဆန္ဒကို ထင်ဟပ်နိုင်မလဲဆိုတာ မေးခွန်းရှိပါတယ်။ အခုဆိုရင် နိုင်ငံခြားရေးဝန်ကြီးဟာလည်း အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တတ်ရောက်ဖို့ ရှိပါတယ်။ သမ္မတ အိုဘားမား ကလည်း လာမယ့် နိုဝင်ဘာလထဲမှာ သွားမယ်ထင်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ ပေးထားတဲ့ ကတိကဝတ်အတိုင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားနိုင်ဖို့ အမေရိကန် အစိုးရအနေနဲ့ ဘယ်လို ဖိအားပေး ကိုင်တွယ်မလဲဆိုတာ သိချင်ပါတယ်။”

အောက်လွှတ်တော်ရဲ့ အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီဥက္ကဌ မစ္စတာ Chabot ရဲ့ အခုလို ပြောဆိုမေးမြန်းချက်အပေါ်မှာတော့ - လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က တုံ့ပြန်ရာမှာ လွှတ်တော်ရဲ့ ဒီလို စိုးရိမ်ချက်တွေကို သူတို့အနေနဲ့ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတိုင်း ပြောဆို တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အများက လက်ခံယုံကြည်နိုင်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားနိုင်ဖို့၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မျှတပြီး သင့်လျော် မှန်ကန်မှုရှိဖို့ ဆိုတာတွေဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ ဦးစားပေး ကိစ္စရပ်တွေ ဖြစ်ပါတယ်။ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ဒီကိစ္စတွေကို ပြောဆိုကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း နေပြည်တော်ကို ရောက်တော့လည်း ဒီကိစ္စတွေရော၊ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစုလူမျိုးတွေအပေါ် ဆက်ဆံမှု ကိစ္စရပ်တွေကိုပါ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ကျနော်တို့ တိုက်ရိုက်ပြောဆိုဆွေးနွေးတာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး အောင်မြင်မှုဟာ အမေရိကန် ပြည်ထောင်စုအတွက် ပထဝီနိုင်ငံရေးအရပါ မဟာဗျူဟာ ကျပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိိယဆိုတဲ့ အရေးကြီးတဲ့ နိုင်ငံ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတာပါ။”

အာရှဒေသနဲ့ ထိစပ်ရေးဟာဆိုရင် လက်ရှိ အမေရိကန် အစိုးရအတွက်တော့ Asia Pivot ဆိုပြီး အထူးအလေးထားရာ နိုင်ငံခြားရေး မူဝါဒတရပ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွက် ၂၀၁၅ အစိုးရအသုံးစရိတ်ကို ၁ ဒဿမ ၂ ဘီလီယံလျာထား အဆိုပြုပြီး၊ ဒါဟာဆိုရင် ၂၀၁၃ အသုံးစရိတ်ထက် ၅ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်က ၂၀၁၅ အသုံးစရိတ်မှာ ဒေါ်လာ ၈၈ ဒဿမ ၄၅ သန်းလျာထားပြီး၊ ပြီးခဲ့တဲ့ ၂၀၁၃ အသုံးစရိတ်ထက် ၄၃ ရာခိုင်နှုန်း တိုးမြင့်သုံးစွဲဖို့ အမေရိကန်အစိုးရက အဆိုပြုထားပါတယ်။ ဒီငွေတွေဟာ မြန်မာနိုင်ငံတွင်း အရပ်ဖက် အသင်းအပင်း အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းလာရေးနဲ့ ပြုပြင်ပြောင်းလဲမှု စဉ်ဆက်မပြတ် ဖြစ်နေစေရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်နဲ့ နောက်ပိုင်း အကြပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဖြစ်တယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ကို သင်တန်းပေးဖို့ ဆိုတဲ့နေရာမှာတော့ အရပ်ဖက်ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု စတာတွေကို
အလေးထား သင်တန်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာလည်းပဲ မြန်မာစစ်တပ်ကို လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ စစ်တပ်ဖြစ်လာအောင် ထိစပ်ဆောင်ရွက်သွားဖို့ဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားလူနည်းစုခေါင်းဆောင်တွေ၊ ၈၈ ခေါင်းဆောင်တွေကလည်း အမေရိကန် ပြည်ထောင်စုကို တိုက်တွန်းတာမျိုး ရှိတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
XS
SM
MD
LG