သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို စစ်ရေးအရ အရေးယူဖို့ ကန်အဆင်သင့်


ကုလလုံခြုံရေး ကောင်စီမှာ မြောက်ကိုရီးယား အစီအစဉ် ဆွေးနွေး။
ကုလလုံခြုံရေး ကောင်စီမှာ မြောက်ကိုရီးယား အစီအစဉ် ဆွေးနွေး။

မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်တာ ကနေ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ အတွက် စစ်ရေးနည်းကို အသုံးပြုဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

ဒါပေမယ့်လည်း သံတမန်ရေးနဲ့ စီးပွားရေး နည်းလမ်းတွေနဲ့ အကျပ်အတည်းကို ဖြေရှင်းတာက အကောင်းဆုံး ဖြစ်ပါမယ်လို့လည်း ပြောပါတယ်။

ဒီစမ်းသပ် ပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဟာ အမေရိကန် ပြည်နယ်တွေ ဖြစ်တဲ့ Hawaii နဲ့ Alaska အပြင် ပစိဖိတ် ကမ်းခြေ အနောက်မြောက်ပိုင်းရှိ ပြည်နယ်တွေ အထိ ရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

အရှေ့အာရှ ဒေသမှာ ရှိနေတဲ့ အမေရိကန်ရဲ့ အတော်အသင့် ကြီးမားတဲ့ စစ်အင်အားဟာ အဆင်သင့် အနေအထားမှာ ရှိနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ဒီကနေ့လုပ်တဲ့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး အတွင်း ပြောသွားပါတယ်။

စစ်အင်အားကို အသုံးပြုရမယ်ဆိုရင် အသုံးပြုသွားမှာဖြစ်ပေမယ့် အဲဒီ လမ်းအတိုင်း မလုပ်ရဖို့တော့ ပိုဦးစားပေးပါတယ်လို့ သံအမတ်ကြီး Haley ကပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် ဖြစ်တဲ့ တရုတ် အနေနဲ့ လက်ရှိထက် ပို ဖိအားပေးဖို့လည်း အမေရိကန် သံအမတ်ကြီး Haley က တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယား အပေါ်ပိုပြီးပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတို့ကလည်း ဗုဒ္ဓဟူးနေ့က တောင်းဆိုကြပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားကို အရေးယူတဲ့ နေရာမှာ စစ်ရေးနည်းကို မစဉ်းစားသင့်ဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ ရုရှား ဒုတိယ သံအမတ်ကြီးက ပြောသလို တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ ဒုံးခွင်းဒုံး စနစ် ချထားမယ့် ကိစ္စကိုလည်း ရပ်ဆိုင်းဖို့ တောင်းဆို ပါတယ်။ မြောက်ကိုရီးယားကို စီးပွားရေးအရ အကျပ်ကိုင်ဖို့ ကြိုးစားတာဟာ လက်ခံနိုင်ဖွယ်ရာ မရှိသလို ဒဏ်ခတ်အရေးယူမှုက ပြဿနာကို ဖြေရှင်ပေးမှာ မဟုတ်ဘူးလို့လည်း ရုရှားသံအမတ်ကြီးက ဆိုပါတယ်။

မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ကြား ရပ်တည်ချက်က သိပ်ကို ကွာခြားပေမယ့် တရုတ်နဲ့ ရုရှားတို့ရဲ့ ရပ်တည်ချက်ကတော့ တူညီတဲ့ပုံ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG