အမေရိကန် ကုမ္ပဏီတွေကို အာဟာရဆေးဝါးတွေ မမှန်မကန် ဖော်ပြပြီး ရောင်းချခဲ့မှုနဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံသား တယောက်ကို အမေရိကန်မှာ ထောင်ဒဏ် တနှစ်ခွဲကျခံဖို့ စီရင်ချက်ချလိုက်ပါတယ်။
အမေရိကန် အစိုးရက စုံစမ်းထောက်လှမ်းဖို့ ဟန်ပြဖွင့်လှစ်ထားတဲ့ အဟာရဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီတခုကို ခွန်အားဖြည့် ဓာတုပစ္စည်းတွေ ရောင်းချမှုနဲ့ Shanghai Waseta နိုင်ငံတကာ ကုန်သွယ်ရေး ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိ Xu Jia Bao ကို ဆိုင်းငံ့ ထောင်ဒဏ်တနှစ် စီရင်ချက်ချခဲ့တာပါ။
DMHA လို့ အတိုကောက်ခေါ်တဲ့ ခွန်အားဖြည့် အဟာရဓာတ် အပါအဝင် တချို့ဓာတ်ပစ္စည်းတွေကို အမေရိကန် ကုမ္ပဏီတွေက လက်မခံတာကို တရုတ်ကုမ္ပဏီ အရာရှိတွေက သိလျက်နဲ့ တင်ပို့ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့လည်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။
ဈေးကွက်မှာ ရောင်းချရာမှာ Octodrine အဖြစ် လူသိများတဲ့ DMHA အဟာရဓာတ်ဟာ ကိုယ်အလေးချိန်ကျပြီး၊ အားကစားလှုပ်ရှားမှုတွေမှာ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့လည်း သွေးတိုးတာ၊ အသက်ရှုကျပ်တာ၊ နှလုံးလေဖြတ်တာလို ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်တယ်ဆိုပြီး ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်ကိုပို့ခဲ့တဲ့ DMHA ဓာတ်ပစ္စည်းတွေကို မမှန်မကန် ဖော်ပြမှုအတွက် ကုမ္ပဏီမှာ တာဝန်ရှိကြောင်းလည်း အမှုဆောင်အရာရှိ Xu ကပြောပါတယ်။ အမေရိကန် တရားရေးဌာန လက်ထောက် ရှေ့နေချုပ် Jody Hunt ကတော့ စားသုံးသူတွေ အနေနဲ့ အဟာရဆေးပစ္စည်းတွေမှာ ပါဝင်တဲ့ ဓာတ်တွေကို တိတိကျကျ သိရှိခွင့်ရှိကြောင်းနဲ့ မမှန်မကန် ဖော်ပြသူတွေကို ဖော်ထုတ် အရေးယူမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
တရုတ် အမှုဆောင်အရာရှိကိုတော့ ၂၀၁၇ ခုနှစ်ထဲ အမေရိကန် ပြည်ထောင်စု Las Vegas မြို့က အာဟာရဆေးဝါး ကုန်သွယ်ရေး ပြပွဲတခုမှာ တက်ရောက်နေစဉ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။