သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးတွေ ဝါရှင်တန်မှာတွေ့မည်


 တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu
တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဟာ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu နဲ့ ဝါရှင်တန်မှာ ဒီနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအတွင်း အထူးသဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်နေချိန်မှာ တဘက်နဲ့တဘက် ထင်မြင်ချက်လွဲမှားတာတွေ နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ကာကွယ်နိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထားရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

၂ နာရီကြာဆွေးနွေးပြီးတဲ့နောက်မှာတော့ ၂ ဘက် တာဝန်ရှိသူတွေဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာပဲ နေ့လည်စာ စားကြမှာဖြစ်ပြီး၊ အဲဒီနောက် နေ့ခင်းမှာတော့ အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး John Finer က တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပြီးခဲ့တဲ့ ဧပြီလက တရုတ်နိုင်ငံ ရှန်ဟိုင်းနဲ့ ဘေဂျင်းမြို့တွေကို သွားရောက်ခဲ့ပြီးတဲ့နောက် အခုလို တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ် ဖြစ်ပေါ်လာခဲ့တာပါ။

“ကျနော်တို့ မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေ အပါအဝင် ကျနော်တို့ရဲ့ အကျိုးစီးပွားတွေနဲ့ စံတန်ဖိုးတွေကိုကာကွယ်ဖို့အတွက် ဆက်လုပ်သွားတဲ့တချိန်တည်းမှာပဲ၊ ကျနော်တို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့လည်း မျက်နှာချင်းဆိုင် သံတမန်ရေးဆွေးနွေးမှုတွေကို လုပ်ပြီး၊ ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း တိုက်ရိုက်ပြောဆိုပြီး အမေရိကန် နဲ့ ကမ္ဘာ့ပြည်သူတွေအတွက် အရေးပါတဲ့ ၂ နိုင်ငံ အရေးကိစ္စတွေ၊ ဒေသတွင်း နဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ တိုးတက်မှုရှိအောင် လုပ်သွားမှာဖြစ်ပါတယ်လို့” - အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံမှာ ဇွန်လ ၂ ရက်နေ့အထိ ရှိနေမှာဖြစ်ပြီး အဲဒီအချိန်အတွင်း ကဏ္ဍပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG