ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ အမေရိကန်အနေနဲ့ အမြင်မှားစေတဲ့လုပ်ရပ်တွေလုပ်နေတာ ရပ်ပါလို့ တရုတ်ကတိုက်တွန်းလိုက်ပါတယ်။ ထိုင်ဝမ်သမ္မတ Lai Ching-te (လိုက်ချင်းတယ်) နဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson တို့ ဆက်သွယ်စကားပြောခဲ့ကြတယ်လို့ ထိုင်ဝမ်သမ္မတရုံးက ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပြီးနောက်မှာ စည်းမကျော်ပါနဲ့လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Lin Jian က ဒီနေ့ ပုံမှန်သတင်းစာရှင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
သူ့အဆို ထိုင်ဝမ်ခွဲထွက်ရေးသမားဖြစ်သူရဲ့ ထိုင်ဝမ်ငြိမ်းချမ်းတည်ငြိမ်ရေး ပျက်ပြားစေတဲ့ လုပ်ရပ်တွေကို အမေရိကန်ကအသိအမှတ်ပြုဖို့ တရုတ်အနေနဲ့ တိုက်တွန်းတယ်လို့ ပြောသွားတာပါ။ တရုတ်တပြည်ထောင်မူကို စွဲကိုင်ထားတဲ့ အမေရိကန်ခေါင်းဆောင်တွေအနေနဲ့ ထိုင်ဝမ် သီးခြား လွတ်လပ်ရေးလုပ်ရပ်တွေကို မထောက်ခံဖို့နဲ့ တရုတ်ရဲ့ ပြည်တွင်းရေးကို မစွက်ဖို့၊ ထိုင်ဝမ်ကို အားပေးရာရောက်တဲ့ လုပ်ရပ်တွေ မလုပ်ပါနဲ့လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဒီနေ့ ပြောကြားသွားခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတ Lai Ching-te နဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson တို့ ဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့ကြတာကို ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်ပေမဲ့ အသေးစိတ်ဘာတွေ ပြောကြသလဲဆိုတာကို ပြောခြင်း မရှိပါဘူး။တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းဟာ သူတို့ပိုင်တယ်လို့ အမြဲပြောနေပြီး တနေ့မှာ ပြန်သိမ်းပိုက်မယ်လို့ အမြဲခြိမ်းခြောက်နေပါတယ်။ အမေရိကန်အနေနဲ့ ထိုင်ဝမ်နဲ့ တရားဝင်သံတမန်ဆက်ဆံရေး မရှိပေမဲ့ ထိုင်ဝမ်ကျွန်းအနေနဲ့ ကိုယ့်ကိုကိုယ်ခုခံ ကာကွယ်နိုင်ရေးအတွက် အထောက်အပံ့တွေ ပေးနေတာဖြစ်ပါတယ်။
ထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့ အမေရိကန်ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်အရေးယူတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ သီးခြားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Forum