သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ နောက်ဆုံး အခြေနေ


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Aug. 25, 2019)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Aug. 25, 2019)

တရုတ်နဲ့ သွင်းကုန်ခွန် အပြန်အလှန် စည်းကြပ်မှုတွေ တိုးမြှင့်ဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်ပြီး နောက်တမျိုး စဉ်းစားမိတယ်လို့ အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

ဒါပေမယ့် သမ္မတ ဆိုလိုတာက တရုတ်အပေါ်မှာ အခုထက်ပိုပြီး အခွန်မကောက်မိခဲ့တာကို ပြောတာဖြစ်တယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က အမြန်ပြန်ပြီး ရှင်းလင်းခဲ့ပါတယ်။

အမေရိကန် သမ္မတရဲ့ အစောပိုင်းတုန်းက တရုတ် သွင်းကုန်တွေ အပေါ် သွင်းကုန်ခွန် စည်းကြပ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်ဘက်က ဒေါ်လာ ၇၅ ဘီလျံ တန်ဖိုးရှိ အမေရိကန် ပို့ကုန်တွေအပေါ် အခွန်တိုးကောက်မယ်လို့ ကြေညာခဲ့တာပါ။ တရုတ်ဘက်က ဒီလို ကြေညာခဲ့ပြီးနောက်မှာတော့ ကမ္ဘာ့စီးပွားရေး ဦးဆောင် နိုင်ငံတချို့ရဲ့ G -7 ထိပ်သီးညီလာခံကို တက်ဖို့ ပြင်သစ်နိုင်ငံကို မသွားခင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ အမေရိကန်သမ္မတ Trump က အမေရိကန် ပြည်ထောင်စုကို တင်ပို့လာတဲ့ ဒေါ်လာ ၅၅၀ ဘီလျံ တန်ဖိုးရှိ တရုတ်ထုတ်ကုန်တွေ အပေါ် သွင်းကုန်ခွန် တိုးမြှင့်ခဲ့တာပါ။

တနင်္ဂနွေနေ့က ဗြိတိသျှ ဝန်ကြီးချုပ်သစ် Boris Johnson နဲ့ မနက်ခင်းစာစားရင်း တွေ့ဆုံကြတဲ့ပွဲမှာ သတင်းထောက်တဦးက သမ္မတ Trump ကို တရုတ်နဲ့ သွင်းကုန်ခွန် လက်တုံ့ပြန် စည်းကြပ်နေမှုအတွက် စိတ်မကောင်း ဖြစ်ပါသလားလို့ မေးမြန်းခဲ့တာပါ။ အဲဒီအခါမှာ သမ္မတ Trump က သေချာတာပေါ့။ ဖြစ်ချင်လည်း ဖြစ်မယ်။ အားလုံးနဲ့ ပတ်သက်ပြီး သူ့မှာ နောက်တမျိုး စဉ်းစားချက် ရှိတယ်လို့ ပြောခဲ့တာပါ။

အမေရိကန်ကုမ္ပဏီတွေဘက်က တရုတ်ပစ္စည်းတွေ မဝယ်ဖို့အတွက် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာမလားဆိုတဲ့ မေးခွန်းကိုတော့ သူ့အနေနဲ့ လုပ်ချင်ရင် လုပ်ခွင့်ရှိတယ်လို့ သမ္မတ Trump က ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ တရုတ်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေက အဆင်ပြေနေကြောင်း၊ အမေရိကန် ကုမ္ပဏီတွေ တရုတ်နိုင်ငံကနေ ထွက်ခွာရေး ဖိအားပေးမယ့်အရေးလိုမျိုး သူ့ရဲ့ ခြိမ်းခြောက်မှုတချို့ကို ပြန်ရုပ်သိမ်းဖို့ အစီအစဉ်ရှိတယ်လို့လည်း သမ္မတက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG