ရိုဟင်ဂျာ မူစလင်တွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတဲ့ မြန်မာစစ်တပ်ကို ရုရှားက ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ အတည်ပြုလိုက်တဲ့ အတွက် အခြေနေပိုမိုဆိုးသွားနိုင်တယ်လို့ ပြောကြားရင်း အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။
မြန်မာစစ်တပ်ကို Su- 30 ဖိုက်တာဂျက် တိုက်လေယာဉ် ၆ စင်း ရောင်းချမယ့် သဘောတူညီမှုတရပ်ကို ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ရုရှား ကာကွယ်ရေးအရာရှိကြီး တွေက ကြေညာခဲ့ကြတာပါ။
ဒီရုရှားရဲ့ ဂျက်လေယာဉ် ထောက်ပံ့တဲ့ လုပ်ရပ်ဟာ တချို့သော အစိုးရတွေနဲ့ ပတ်သက်ပြီး မိမိတို့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး နမူနာကောင်း တခုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert ကပြောပါတယ်။ ရိုဟင်ဂျာ ပြဿနာကို ကမ္ဘာ့နိုင်ငံ အများအပြားက ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုလား နေကြပြီး ရုရှားရဲ့ လုပ်ရပ်တွေကတော့ ပြဿနာကို လောင်စာ ထည့်ပြီး မတည်မငြိမ် ဖြစ်အောင် လုပ်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ ရုရှားနိုင်ငံတို့အကြား ယူကရိန်းအပါအဝင် တခြားကိစ္စတွေနဲ့ တင်းမာမှုကြီးထွားနေချိန်မှာ အခုလို ဝေဖန် ပြောကြားမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tellison က ရုရှား အစိုးရဟာ ဆီးရီးယား နိုင်ငံမှာ ဓါတုလက်နက်သုံး တိုက်ခိုက်ရာမှာ တာဝန်ရှိကြောင်း ဆီးရီးယား သမ္မတ Bashar Al Assad နဲ့ သူ့တပ်တွေကို ထိမ်းဖို့ ပျက်ကွက်ခဲ့ကြောင်း ပြောကြားခဲ့တာဖြစ်ပြီး ရုရှားဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့တာပါ။
အခု ရုရှားက ရောင်းချမယ့် ဖိုက်တာ ဂျက်လေယာဉ် ၆ စင်းဟာ ရုရှားဆီက မြန်မာ ပထမဆုံးဝယ်ယူတဲ့ လက်နက်တွေ မဟုတ်ပါဘူး။ အရင်တုန်းကလည်း MiG – 29 ဖိုက်တာဂျက်တွေ Yak -130 တိုက်ပွဲဝင် လေ့ကျင့်ရေးယန္တရားတွေ၊ Mi-7, Mi-24 နဲ့ Mi-35 စတဲ့ စစ်သုံး ရဟတ်ယာဉ်တွေနဲ့ တခြားလက်နက်တွေကိုလည်း ဝယ်ယူခဲ့တယ်လို့ ရုရှားဒုတိယ ကာကွယ်ရေးဝန်ကြီး Alexander Fomin က တနင်္လာနေ့တုန်းက မြန်မာနိုင်ငံမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရုရှား - မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုကြောင့် မြန်မာစစ်တပ်ဟာ ရုရှားလုပ် အဆင့်မြင့် လက်နက်တွေနဲ့ ခေတ်မှီ စစ်တပ်ကြီး အဖြစ် ပေါ်ထွန်းလာမှာ သေချာတယ် လို့လည်း မစ္စတာ Fomin က ပြောကြောင်း ရုရှားသတင်းဌာန Interfax မှာ ဖေါ်ပြထားပါတယ်။
အမေရိကန်နဲ့ ကျန်နိုင်ငံ အများအပြားတို့ကတော့ မြန်မာကို လက်နက်ရောင်းချဖို့ ငြင်းဆန်ထားကြတာပါ။