အိန္ဒိယနိုင်ငံသား Jasmeet Hakimzada ကို Trump အစိုးရအဖွဲ့က နိုင်ငံခြားသား မူးယစ်မှောင်ခိုရာဇာ အဖြစ်ကြေညာပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်ပါတယ်။ Hakimzada နဲ့အတူ တခြားလူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၆ ခုအတွက်လည်း အရေးယူ ဒဏ်ခတ်ခဲ့ပါတယ်။ အဲဒီထဲမှာ သူ့မိဘတွေလည်း ပါဝင်ပြီး သူတို့ဟာ သူ့လုပ်ငန်း လည်ပတ်ရေးအတွက် အကူညီပေးသူတွေလို့ စွပ်စွဲထားပါတယ်။
Hakimzada ရဲ့ ကမ္ဘာတလွှား မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှုနဲ့ ငွေမည်း ခဝါချတဲ့ ကွန်ယက်ဟာ ဘိန်းဖြူနဲ့ opioids မူးယစ်ဆေးဝါးတွေကို ကမ္ဘာတလွှား မှောင်ခို ခိုးသွင်းမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာန အကြီးတန်း အရာရှိကြီးတဦးက ပြောပါတယ်။
Hakimzada ဟာ UAE အာရပ်စော်ဘွားများ သမ္မတနိုင်ငံမှာ နေထိုင်သူပါ။ သူဟာ အမေရိကန်ပြည်ထောင်စု၊ Australia၊ ဗြိတိန် နဲ့ နယူးဇီလန် နိုင်ငံတွေကို ဘိန်းဖြူ၊ ကုတ်ကင်း opioids နဲ့ တခြားမူးယစ်စေတတ်တဲ့ ဆေးဝါးတွေ မှောင်ခို ခိုးသွင်းနေတဲ့ ကမ္ဘာအနှံ့ မူးယစ်မှောင်ခို ရောင်းဝယ်တဲ့ လုပ်ငန်းကို လုပ်ကိုင်နေတယ်လို့ အစွပ်စွဲ ခံနေရပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနက သူဟာ UAE မှာ ရှိတဲ့ သူ့ကုမ္ပဏီကနေ တဆင့် အမေရိကန် ဒေါ်လာ သန်းရာနဲ့ချီပြီး ငွေမည်းကနေ ငွေဖြူ ခဝါချနေတယ်လို့လည်း ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု တရားရုံး ဂျူရီအဖွဲ့က သူ့ကို ၂၀၁၇ ခုနှစ်တုန်းက မူးယစ်မှောင်ခိုနဲ့ ငွေမည်းခဝါချတဲ့ အမှုပေါင်း ၄၆ မှုနဲ့ တရားစွဲဆိုထားပါတယ်။
အခု အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှုတွေအရ Hakimzada ရဲ့ အမေရိကန်ပြည်ထောင်စုက ပိုင်ဆိုင်မှုတွေ အားလုံးကို ထိန်းချုပ်လိုက်တဲ့အပြင် အမေရိကန် နိုင်ငံသားတွေကို သူနဲ့စီးပွါးရေး လုပ်ဆောင်မှုမလုပ်ဖို့ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။