သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီ ၃၈ ခုကို ကန်အရေးယူ ဒဏ်ခတ်


ကမ္ဘာတဝန်း ရုရှားရဲ့ မသမာတဲ့လုပ်ရပ်တွေကို တုံ့ပြန်ဖို့ဆိုပြီး ရုရှားနိုင်ငံက လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီ စုစုပေါင်း ၃၈ ခုကို အရေးယူ ဒဏ်ခတ်လိုက်ကြောင်း အမေရိကန်က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ အရေးယူ ဒဏ်ခတ်ဖို့ ကြေညာလိုက်တဲ့ အထဲမှာတော့ ရုရှားသမ္မတ Vladimir Putin ရဲ့ အနီးကပ်မဟာမိတ် အလျုမီနီယံလုပ်ငန်းရှင် Oleg Deripaska အပါအဝင် ရုရှားနိုင်ငံက သြဇာအရှိန်အဝါ ကြီးမားသူ လူပုဂ္ဂိုလ် ၇ ဦးနဲ့ သူတို့ပိုင်ဆိုင် ထိန်းချုပ်ထားတဲ့ လုပ်ငန်း ၁၂ ခုတို့ ပါဝင်ပါတယ်။

ရုရှားအစိုးရ အဆင့်မြင့်အရာရှိ ၁၇ ဦးနဲ့ နိုင်ငံပိုင် လက်နက်ကုန်သွယ်ရေး ကုမ္ပဏီတခုကိုလည်း အရေးယူသွားမှာပါ။ ဒဏ်ခတ်မှုတွေဟာ ဖြစ်စဉ်တခု၊ ပြဿနာတခုအပေါ် တုံ့ပြန်တာမျိုး မဟုတ်ဘဲ၊ ကမ္ဘာတဝန်း ရုရှားအစိုးရရဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေအပေါ် ချုံငုံပစ်မှတ်ထား အရေးယူတာ ဖြစ်ကြောင်းလည်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ရှင်းလင်းပြောဆိုရာမှာတော့ ရုရှားနိုင်ငံက ခရိုင်းမီးယားကို သိမ်းပိုက်ပြီး ယူကရိန်းအရှေ့ပိုင်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်ခဲ့တာ၊ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad အစိုးရကို အားပေးထောက်ခံနေတာ၊ အင်တာနက်ပေါ်မှာ မသမာတဲ့ လုပ်ရပ်တွေ ဆက်လက်ကျုးလွန်နေတာ၊ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီစနစ်ကို ဆက်လက် တိုက်ခိုက်နေတာတွေကို အမေရိကန် တာဝန်ရှိသူတွေ ရည်ညွှန်းပြောဆိုခဲ့ကြတာပါ။

ရုရှားအစိုးရက ကမ္ဘာတဝန်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်နေတာတွေကို အဆုံးသတ်အောင် ရုရှားနိုင်ငံက သြဇာအရှိန်အဝါ ကြီးမားသူတွေ အနေနဲ့ ကြိုးပမ်းသင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒီလူတွေဟာ သမ္မတ Putin အုပ်ချုပ်မှုအောက် အကျိုးအမြတ်တွေ အကြီးအကျယ် ခံစားနေကြရပြီး၊ မရိုးသားတဲ့ မူဝါဒတွေ ကျင့်သုံးရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေကြောင်းလည်း ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG