သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump ကို လုပ်ကြံတဲ့ ပစ်ခတ်မှုအပြီး ကန် ပါတီကြီး ၂ခု စည်းလုံးညီညွတ်မှု ဦးစားပေး ပြောဆိုလာ


Pennsylvania ပြည်နယ် Butler မြို့မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲပြုလုပ်နေစဉ် သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခံရတဲ့ အမေရိကန် သမ္မတဟောင်း Donald Trump (ဇူလိုင် ၁၃၊ ၂၀၂၄)
Pennsylvania ပြည်နယ် Butler မြို့မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲပြုလုပ်နေစဉ် သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခံရတဲ့ အမေရိကန် သမ္မတဟောင်း Donald Trump (ဇူလိုင် ၁၃၊ ၂၀၂၄)

ဇူလိုင်လ ၁၃ ရက်၊ စနေနေ့က သမ္မတဟောင်း Donald Trump လုပ်ကြံမှု ဖြစ်ရပ်အပြီးမှာတော့ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ကြမယ့် သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Trump တို့ နှစ်ဦးလုံးက တိုင်းပြည်မှာ စုစည်းညီညွတ်မှု ရှိကြဖို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။

ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ စနေနေ့က ပစ်ခတ်မှုကြောင့် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှုတွေ အပြောင်းအလဲ ဖြစ်သွားစေခဲ့တာကို သမ္မတ Biden နဲ့ သမ္မတဟောင်း Trump တို့နှစ်ဦးလုံးက လက်ခံထားကြပြီး သူတို့နည်း သူတို့ဟန်နဲ့ ဒါကို မနေ့က အလေးပေး ဖော်ပြခဲ့ကြပါတယ်။

နားရွက်က ဒဏ်ရာကို အဖြူရောင် ပတ်တီးနဲ့ အုပ်ထားတဲ့ Trump ဟာ မနေ့ ညနေပိုင်းက နိုင်ငံလုံးဆိုင်ရာ ရီပတ်ဘလီကန် ညီလာခံကို ခဏ လာရောက်ခဲ့ပြီး သူ စင်မြင့်ပေါ် တက်လာချိန်မှာတော့ သူ့ကို ထောက်ခံသူတွေက သူရဲကောင်း တယောက်လို တခဲနက် ကြိုဆိုခဲ့ကြပါတယ်။ စကား တခွန်းမှ ပြောမသွားဘဲ၊ လက်ပြ နှုတ်ဆက်ပြီး ပြန်သွားတဲ့ Trump ကို အားလုံးက အချိန်တော် အတော်ကြာ ရပ်ပြီး ထောက်ခံမှု ပြခဲ့ကြတာပါ။

ဒီအတောအတွင်း သမ္မတဘိုင်ဒန် အစိုးရကတော့ Trump ကို လုပ်ကြံတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖက်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ဦးဆောင်ပြီး သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ့်အကြောင်း မနေ့ တနင်္လာနေ့မှာပဲ ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာလည်း သမ္မတ Biden က − သူနဲ့ Trump နဲ့ကြားမှာ သဘောထား သိသိသာသာ ကွဲလွဲနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် Trump နဲ့ သူ့ကို ထောက်ခံသူတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို ကြမ်းကြုတ်တဲ့ နည်းနဲ့ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်တာတွေ လုပ်နေပြီး၊ ဒါတွေကို လက်မခံနိုင်ဘူးလို့ မနေ့က NBC ရုပ်သံနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုသွား ပါတယ်။

စနေနေ့က ပစ်ခတ်မှုကြောင့် သမ္မတ ရွေးကောက်ပွဲ အလားအလာ အပြောင်းအလဲ ဖြစ်သွားနိုင်မလား လို့ NBC က မေးတဲ့အပေါ်မှာတော့ သူ မသိသလို၊ မေးတဲ့သူလည်း သိမှာမဟုတ်ဘူးလို့ သမ္မတက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ ခုချိန်မှာ နိုင်ငံသားတွေ အားလုံး စုစည်း ညီညွတ်ကြဖို့ကိုတော့ Trump လုပ်ကြံမှု ဖြစ်ရပ်အပြီးမှာ သမ္မတလောင်းတွေ ဖြစ်ကြတဲ့ Trump ရော၊ Biden ရော နှစ်ဦးလုံးက အလေးပေး ဖော်ပြခဲ့ကြပါတယ်။

Forum

XS
SM
MD
LG