သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ရလဒ်အပေါ် ကမ္ဘာတလွား တုံ့ပြန်ချက်


သမ္မတ အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Donald Trump ထောက်ခံသူများ
သမ္မတ အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Donald Trump ထောက်ခံသူများ

ကုဋေကြွယ် သူဌေးကြီး Donald J. Trump က အမေရိကန် ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက် သမ္မတ အဖြစ် ရွေးချယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ အမေရိကန် ပြည်သူအားလုံးအတွက် သမ္မတ ဖြစ်ရပါစေမယ်လို့ ကတိပြု ပြောဆိုလိုက်တဲ့ ဒေါ်နယ် ထရမ့် အမေရိကန် သမ္မတ အဖြစ် တာဝန်ယူလာချိန်မှာ အစဉ်အဆက်ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ဆက်လက် ရှိနေစေဖို့ မဟာမိတ်တွေက မျှော်လင့်ထားကြပါတယ်။ ရီပတ်ပလီကန် ပါတီက တင်မြှောက်တဲ့ ဒေါ်နယ် ထရမ့် အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံရမှု အပေါ် ကမ္ဘာတလွှား တုံ့ပြန်မှုတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

“အမေရိကန် ပြည်သူ အားလုံးရဲ့ သမ္မတ ဖြစ်စေရပါမယ်လို့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံသားတွေ အားလုံးကို ကတိပြုပါတယ်။ ဒါက ကျနော့် အတွက် သိပ်အရေးကြီးပါတယ်။ လူနည်းစုဘဲ ဖြစ်တဲ့ အရင်တုန်းက ကျနော့်ကို မထောက်ခံခဲ့သူတွေနဲ့ ထိတွေ့ပြီး ခင်ဗျားတို့ရဲ့ လမ်းညွှန်ချက် အကူအညီတွေကို ရယူပါမယ်။ ဒါဆိုရင် ကျနော်တို့ရဲ့ ကြီးမြတ်တဲ့ နိုင်ငံ အတွက် အတူတကွ စည်းစည်းလုံးလုံး အလုပ်လုပ်နိုင်မှာပါ။”

အမေရိကန် ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက် သမ္မတ အဖြစ် ရွေးကောက်ခံရတဲ့ Donald Trump က မနေ့ နယူးယောက်မြို့မှာ လုပ်တဲ့ အောင်ပွဲ အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကို ဆက်ခံမယ့်သူ အဖြစ် အမေရိကန် ပြည်သူတွေက ဒေါ်နယ် ထရမ့်ကို ရွေးကောက်လိုက်ပြီးနောက် ဒီကနေ့မှာဘဲ အမေရိကန်ရဲ့ အရေးပါတဲ့ လုံခြုံရေး မဟာမိတ် ဖြစ်တဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO အကြီးအကဲက မကြာမီမှာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ ကြိုးစားမယ်လို့ ပြောဆိုလိုက်ပါတယ်။

NATO အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က

“အမေရိကန်ရဲ့ ဦးဆောင်မှုက အစဉ်အမြဲ အရေးကြီးပါတယ်။ ကျနော်တို့ မဟာမိတ် အဖွဲ့ အနေနဲ့ အမေရိကန်ရဲ့ အရင်းနှီးဆုံး မိတ်ဖက်တွေ အဖြစ် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခတွေကို ဖြေရှင်းဆောင်ရွက်လာတာ နှစ်ပေါင်း ၇၀ ပြည့်ပါတော့မယ်။ NATO အဖွဲ့ ခိုင်မာအားကောင်းမှုက အမေရိကန် ပြည်ထောင်စု အတွက်ရော၊ ဥရောပ အတွက်ပါ အကျိုးဖြစ်စေပါတယ်။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလအတွင်းမှာ ဒေါ်နယ် ထရမ့်က သူ ရွေးကောက်ခံရရင် NATO နဲ့ အဆက်ဖြတ်ချင် ဖြတ်မယ် လို့ ပြောဆိုထားခဲ့ဖူးတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ အမေရိကန် သမ္မတသစ်နဲ့ နှစ်နိုင်ငံ အကျိုးစီးပွားအတွက်ရော ကမ္ဘာ့ အကျိုးစီးပွား အတွက်ရော အတူ လက်တွဲ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Lu Kang က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“အမေရိကန် ရွေးကောက်ပွဲကို ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ နှစ်နိုင်ငံ ပြည်သူတွေ ကမ္ဘာ့ ပြည်သူတွေ အကျိုးစီးပွားအတွက်၊ နှစ်ဘက် အကျိုးရှိမယ့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ အတွက် အမေရိကန် သမ္မတသစ်နဲ့ လက်တွဲ လုပ်ဆောင်သွားမှာပါ။”

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Yun Byung-se ကလည်း အမေရိကန် သမ္မတသစ် အဖြစ် Donald Trump ရွေးကောက်ခံရရင် လက်ရှိ မြောက်ကိုရီးယား နျူးကလီးယား အစီအစဉ် အပေါ် ထားရှိထားတဲ့ အမေရိကန် မူဝါဒကို မပြောင်းလဲဖို့ မျှော်လင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြသနာက နျူးကလီးယား ခြိမ်းခြောက်မှု ဖြစ်ပြီး သူ့ ရဲ့ အမျိုးသား လုံခြုံရေး အဖွဲ့ဝင်တွေ အနေနဲ့ မြောက်ကိုရီးယား အပေါ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာကို ဆက်ပြီး ကျင့်သုံးသွားမယ်လို့ မစ္စတာ ထရမ့်က ထုတ်ဖော် ပြောဆိုထားတာပါ။”

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား လွှတ်တော် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အချိန် မှာ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး က အခုလို ပြောဆိုသွား တာ ဖြစ်ပါတယ်။အမေရိကန်နဲ့ ဆက်ဆံရေး ထူထောင်ခဲ့တာ ရာစုနှစ် ၂ ခုအတွင်း ကို ရောက်ရှိလာပြီ ဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ အမေရိကန် သမ္မတသစ် အဖြစ် ဘယ်သူဘဲ ဖြစ်လာပါစေ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဖရာယုဒ် ချန်းအိုချာက ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် ဖြစ်ခဲ့တာ နှစ်ပေါင်း ၁၈၀ ကျော် ရှိခဲ့ပါပြီ။ အမေရိကန် သမ္မတသစ် ဘယ်သူဘဲ ဖြစ်လာဖြစ်လာ ထိုင်းနိုင်ငံ အတွက်တော့ အကြောင်းမရှိပါဘူး။ ထိုင်းနိုင်ငံ အနေနဲ့ နိုင်ငံခြားရေး မူဝါဒကို ချိန်ညှိပြီး ရှေ့တိုး ဆောင်ရွက်သွားနိုင်မှာပါ။”

သမ္မတသစ် အဖြစ် ရွေးကောက်ခံလိုက်ရတဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် ကုဋေကြွယ် သူဌေးကြီး ဒေါ်နယ်ထရမ့်ကတော့ သမ္မတ ရာထူးတာဝန်ကို လာမယ့် ၂၀၁၇ မှာ စတင်ရယူရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG