သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲရှိလာနိုင်တဲ့ ကန်နိုင်ငံခြားရေး မူဝါဒ


အရွေးကောက်ခံသမ္မတ Donald Trump
အရွေးကောက်ခံသမ္မတ Donald Trump

အခု Donald Trump ကို အမေရိကန်သမ္မတအဖြစ်ရွေးချယ်လိုက်ကြပြီဖြစ်တဲ့ အတွက် ကမ္ဘာမှာ ထိပ်ဆုံးက ဖိဖိစီးစီး ကိုင်တွယ်ရမယ့်ကိစ္စရပ်တချို့အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်ပုံချဉ်းကပ်နည်းကို Trump အနေနဲ့ ပြောင်းလဲပစ်လိမ့်မယ်လို့ နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ VOA ရဲ့ နိုင်ငံခြားရေးဌာနဆိုင်ရာ သတင်းထောက် Nike Ching ကသတင်းပေးပို့ထားပါတယ်။ ဒေါ်ခင်စိုးဝင်းက ပြောပြပေးမှာပါ။

အမေရိကန်ပြည်ထောင်စု ရဲ့အကျိုးစီပွားကိုထိခိုက်နိုင်မယ့် အကြမ်းဖက် ဝါဒခြိမ်းခြောက်မှုက အစ၊ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ၊ ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့ တရုတ်ကပိုပြီးအင်အားပြလာတာတွေအဆုံး ကမ္ဘာတဝန်း စိန်ခေါ်မှုတွေ တသီကြီးကို အရွေးကောက်ခံသမ္မတ Donald Trump ရင်ဆိုင်ရတော့ မှာဖြစ်ပါတယ်။

Donald Trump က အစွန်းရောက်အကြမ်းဖက်ဝါဒ တိုက်ဖျက်နေတဲ့ စစ်ပွဲကို နိုင်အောင်တိုက်ရေးဟာ သူ့ရဲ့ထိပ်ဆုံးက ဦးစားပေးလုပ်ဆောင်မယ့် ထဲကတခု ပါဘဲလို့ ကြုံးဝါးခဲ့တာပါ။ ဒါပေမဲ့ သူမဲဆွယ်စည်းရုံးရေးမှာ စကားကြီးစကားကျယ်ပြောဆို အသုံးချခဲ့တာတွေဟာ သူ့ကို အထောက်အကူ မပြုပါဘူးလို့ Brookings Institute နိုင်ငံရေး သုတေသနဌာနက Darrel West ကသုံးသပ်ပါတယ်။

“ခင်ဗျားက ကမ္ဘာ့စင်မြင့်ပေါ်ရောက်နေပြီဆိုရင် ခင်ဗျားဘာလုပ်လုပ်၊ လူတိုင်းက သတိထားစောင့်ကြည့်နေကြမှာပါဘဲ။ နောက် ပြောတဲ့စကားတိုင်းရဲ့နောက်က အကျိုးဆက်တွေကိုရှာကြည့်နေကြမှာဖြစ်ပါတယ်။ ပြောတဲ့စကားလုံးတွေဟာ တခြားလူတွေအပေါ် သက်ရောက်မှုရှိပါတယ်။ ကိစ္စရပ်တွေအပေါ် ခင်ဗျားရဲ့ပြောပုံဆိုပုံ၊ ပဋိပက္ခတွေကိုရှုမြင်ပုံ၊ ဒီလိုကိစ္စရပ်တွေကို ဘယ်လိုနည်းနဲ့ ကြိုးစားကိုင်တွယ်အလဲဆိုတာတွေက သက်ရောက်မှုအများကြီးရှိပါတယ်။”

သမ္မတအိုဘားမားအစိုးရက ရန်ဘက်လိုသဘောထားတဲ့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းရင် အကျိုးရှိမယ်လို့ Donald Trump က မဲဆွယ်စည်းရေး မှာ တောက်လျှောက်ပြော ခဲ့ပါတယ်။ နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူအများစုကတော့ သူ့ရဲ့သဘောထား အတွက် စိုးရိမ်ကြသလို စိတ်ရှှုပ်နေကြတယ်လို့ The Atlantic Council က John Herbst ကပြောပါတယ်။

“သူမကြာခင်ကပြောခဲ့တာတွေကိုအခြေခံပြီး၊ သူ့ရဲ့မူဝါဒကိုကျနော်တို့ အကဲဖြတ်ကြည့်မယ်ဆိုရင်၊ ဒါမှမဟုတ် သူ့ရဲ့မူဝါဒတွေကို နားလည်းဖို့ကြိုးစားကြည့်မယ်ဆိုရင်၊ ကျနော်ကတော့ သိပ်ကို စိုးရိမ်မိပါတယ်။ ရုရှားကယူကရိန်းကိုကျူးကျော်ခဲ့တဲ့ အခြေခံအချက်တွေကို သူ့ရဲ့ နားမလည်မှု၊ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ NATO အဖွဲ့ကြီးအပေါ် ထားရှိရတဲ့ ကျနော်တို့ရဲ့ တာဝန်နဲ့ဝတ္တရားတွေကို သူကမေးခွန်းထုတ်ခဲ့တာတွေအားလုံးဟာ သိပ်ကိုအန္တရာယ်များလှပါတယ်။”

လွတ်လပ်စွာကုန်သွယ်ရေးကို ဘဝင်မကျတဲ့ Donald Trump အနေနဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အာရှနဲ့ပစိဖိတ်ဒေသတခွင်က လွတ်လပ်စွာ အခွန်လွတ်ကုန်သွယ်ရေးသဘောတူစာချုပ်တခုဖြစ်တဲ့ TPP လို့ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒရာတဘက်တချက်နိုင်ငံများပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့တော့ သူ့ အစိုးရလက်ထက် မှာ ရှေ့ဆက်လှုပ်ရှားဖို့မမြင်ဘူး လို့ ဒေသန္တရ ကျွမ်းကျင်သူတွေက သုံးသပ်နေကြတယ်လို့ မဟာဗျူဟာနဲ့ ပြည်တွင်း အခြေအနေသုတေသနဌာနက Michael Green ကပြောပါတယ်။

“အဲဒီမှာ တက်တက်ကြွကြွအနေအထားနဲ့ နေရာယူထားရမှာဖြစ်ပါတယ်။ အဲဒီထဲကတခုဘဲပြောပြရမယ်ဆိုရင်၊ ရေကြောင်းသွားလာရေးလုပ်ငန်းတွေမှာ သင်္ဘောတွေအဝင်အထွက် လွတ်လပ်စွာသွားနိုင်ဖို့ အတော်တော်များများ ကပြောဆိုနေကြတာပါ။ ဒါဟာ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေး အတွက် ကူးလူးဆက်ဆံဖို့၊ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြဖို့၊ အတွက်ဖြစ်ပါတယ်။ ကျနော်တို့ဒီ့ထက်မကပိုလုပ်ကြဖို့လိုအပ်တယ်ဆိုတာကို အများသဘောတူ ထားပြီးဖြစ်တယ်လို့ ယူဆပါတယ်။”

တချို့နိုင်ငံရေးအကဲခတ်တွေက နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လာရင် အရွေးကောက်ခံ သမ္မတ Donald Trump ဟာ တစိမ်းသက်သက် တယောက်အဖြစ်ရှုမြင်နေကြသလို၊ Trump အနေနဲ့ ကမ္ဘာကြီးကို ဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရဲ့ အစိုးရဝန်ကြီးအဖွဲ့နဲ့ ထိပ်ပိုင်းကရာထူးတွေအတွက် ဘယ်လိုရွေးချယ်မလဲ စတာတွေကို စောင့်ကြည့်နေကြပါတယ်လို့ VOA သတင်းထောက် Nike Ching ကသတင်းပေးပို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG