သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းနှစ်ဦး အောင်ပွဲခံဖို့ နယူးယောက်မှာ စောင့်စား

တကမ္ဘာလုံးကနေ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ ဒေသစံတော်ချိန် အင်္ဂါနေ့မနက်ကစလို့ မဲပေးနေကြပြီဖြစ်ပါတယ်။ မကြာခင် နာရီပိုင်းကပဲ စပြီးတော့ အစောပိုင်း မဲရလဒ်တွေလည်း ထွက်ပေါ်နေပြီဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲအခြေအနေအကြောင်းကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ကျမတို့ အခု အသံလွှင့်ချိန်အပြီး နာရီအနည်းငယ်အကြာမှာပဲ ကမ္ဘာကြီးအနေနဲ့ နောက် ၄ နှစ်အတွက် ဘယ်သူက အမေရိကန်ပြည်ထောင်စုကို ဦးဆောင်မယ်ဆိုတဲ့ အဖြေ ထွက်လာတော့မှာပါ။ ဒီအတောအတွင်းမှာတော့ ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ နှစ်ဦးဟာ ရွေးကောက်ပွဲအောင်ပွဲည အစီအစဉ်ကို နယူးယောက်တမြို့တည်းမှာပဲ ကျင်းပဖို့ စီစဉ်ထားကြပါတယ်။ ဒါဟာ ၁၉၄၄ ခုနှစ်နောက်ပိုင်း သမ္မတလောင်း နှစ်ဦးစလုံး နယူးယောက်တမြို့တည်းမှာပဲ ရွေးကောက်ပွဲကို ကြိုဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နှစ်ဦးစလုံးတို့အနေနဲ့ ရွေးကောက်ပွဲအောင်ပွဲခံတဲ့ အခမ်းအနားတွေဟာလည်း တနေရာနဲ့တနေရာ တမိုင်ခွဲလောက်ပဲ ကွာတာဖြစ်ပါတယ်။

ဟီလာရီကလင်တန်ရဲ့ မဲဆွယ်လှုပ်ရှားတဲ့အဖွဲ့က Jacob Javits Center မှာ အောင်ပွဲခံအခမ်းအနားကို ကျင်းပဖို့ရှိပြီး၊ အဲဒီနေရာနဲ့ တမိုင်ကျော်ဝေးတဲ့ နေရာမှာတော့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်လှုပ်ရှားမှုအဖွဲ့က Hilton Hotel မှာ အောင်ပွဲခံကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြို့လယ်မှာ သမ္မတလောင်း နှစ်ဦးစလုံးတို့ရဲ့ အောင်ပွဲခံ အခမ်းအနားတွေဟာ မြို့လယ်နေရာမှာ ရှိတဲ့အတွက်ကြောင့်လည်း လုံခြုံရေးဟာ အထူးတင်းကြပ်ထားတာ ဖြစ်ပါတယ်။ ဟီလာရီ ကလင်တန်အနေနဲ့ တနင်္လာနေ့က နောက်ဆုံး အရေးကြီးတဲ့ ပြည်နယ်တွေမှာ သွားရောက် မဲဆွယ်လှုပ်ရှားပြီးခဲ့တဲ့နောက် အင်္ဂါနေ့မနက်က သူ့ဌာနေ နယူးယောက်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး မနက် ၈ နာရီမှာတော့ Chappaqua ရှိ သူ့ရဲ့နေအိမ် ရပ်ကွက်မှာ မဲရုံကို မနက် ၈ နာရီက ခင်ပွန်းသည် သမ္မတဟောင်း ဘေလ်ကလင်တန်နဲ့ သွားရောက် မဲပေးခဲ့ကြစဉ် လူအုပ်ကြီးက ကြိုဆိုခဲ့ကြပါတယ်။

ဟီလာရီကလင်တန်က ဒီရွေးကောက်ပွဲရဲ့ အရေးကြီးပုံကို မဲရုံအထွက်မှာ အခုလို ပြောခဲ့ပါတယ်။

“ဘယ်လောက်အထိ တာဝန်ကြီးတယ်။ လူတွေတော်တော်များများက ရွေးကောက်ပွဲရလဒ်အပေါ်မှာ ဘယ်လောက် အားထားတယ်ဆိုတာ ကျမသိပါတယ်။ ဆိုလိုတာက ကျမ ဒီရွေးကောက်ပွဲမှာ အောင်နိုင်ခွင့်ရမယ်ဆိုရင် ကျမတို့တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်ဆိုတာပါပဲ။”

ဟီလာရီကလင်တန်အနေနဲ့ အခုလို မဲပေးအပြီးမှာ နယူးယောက်မြို့လယ်ခေါင်ရှိ Peninsula Hotel မှာ သွားရောက်ပြီး ရွေးကောက်ပွဲရလဒ်တွေ ဝင်လာတာကို စောင့်ကြည့်မှာဖြစ်တဲ့အပြင် သူ အနိုင်ရခဲ့ရင်ပြောရမယ့် အောင်ပွဲခံမိန့်ခွန်းကိုလည်း ပြင်ဆင်ဖို့ရှိပါတယ်။ တဘက်မှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ထရမ့်ကတော့ သူ နေထိုင်ရာ နယူးယောက်မြို့လယ်ခေါင် Manhattan မှာရှိတဲ့ ကျောင်းတကျောင်းရှိ မဲရုံမှာ သူ့ဇနီးသည် Melania နဲ့ သမီး Ivanka တို့နဲ့အတူ မဲပေးခဲ့ကြပါတယ်။ မဲရုံအထွက်မှာတော့ သူက လက်မထောင်ကာ အားတက်ကြောင်း အရိပ်လက္ခဏာပြခဲ့ပြီး၊ အခုလို ကောက်ချက်ချ ပြောကြားခဲ့ပါတယ်။

“ဒါဟာ တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးပါ။ လူတိုင်းက သိပ်ကို စိတ်အားတက်တက်ကြွကြွ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ တကမ္ဘာလုံးပါပဲ။ တကယ့်ကို စိတ်ထဲမှာ ကြီးမားတဲ့ ခံစားမှုမျိုး ရပါတယ်။”

ဒီအတောအတွင်းမှာတော့ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က Wilmington, Delaware ပြည်နယ်မှာ မနက် ၈ နာရီက မဲပေးခဲ့ပြီး၊ သမ္မတ ဘရက်ခ် အိုဘားမား ကတော့ Chicago မှာ မနက်စောစောပိုင်းက မဲပေးခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကတော့ မဲရုံတွေပိတ်အပြီး ဒေသစံတော်ချိန် အင်္ဂါနေ့ညကစပြီး ပြည်နယ်အလိုက် စတင် ဝင်လာဖို့ရှိပါတယ်။ အဓိကကတော့ ပြည်နယ်တွေရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်မဲပေါင်း ၅၃၈ မဲတို့အနက် ထက်ဝက်ဖြစ်တဲ့ မဲပေါင်း ၂၇၀ ကို ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်ကပဲ နိုင်မလား၊ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကပဲ ရမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဟီလာရီ ကလင်တန်အနေနဲ့ လူထုဆန္ဒကောက်ခံမှုတွေအရ ထရမ့်ထက် အသာစီးရနေတာ တွေ့ရပါတယ်ရှင်။

သမ္မတလောင်းနှစ်ဦး အောင်ပွဲခံဖို့ နယူးယောက်မှာ စောင့်စား
please wait

No media source currently available

0:00 0:04:08 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG