သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄၃ကြိမ်မြောက် လွတ်လပ်ရေးနေ့ အမေရိကန်ပြည်သူတွေဆင်နွဲှ


အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ကို အမေရိကန်ပြည်သူတွေ ဆင်နွဲနေကြပါတယ်။ ဒီနေ့မှာ သမ္မတ Donald Trump က အစဉ်အလာမဟုတ်ဘဲ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

ဝါရှင်တန်မြို့တော်က သမ္မတဟောင်း Abraham Lincoln ကိုဂုဏ်ပြုထားတဲ့ အဆောက်အဦးရှေ့မှာ သမ္မတက မိန့်ခွန်း ပြောကြားမယ့်အပြင် သူ့အဆို "Salute to America" အမေရိကန်ကို ဦးညွတ်ခြင်းဆိုတဲ့အခမ်းအနားနဲ့ အမေရိကန်ရဲ့ စစ်ရေးအင်အားကို ပြသဖို့လည်း ပြင်ဆင်ထားပါတယ်။ သမ္မတရဲ့ ဖိတ်ကြားချက်အရ ယာယီကာကွယ်ရေးဝန်ကြီး Mark Esper ပူးတွဲစစ်ဦးစီးချုပ်များရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Joseph Dunford တို့ အခမ်းအနားတက်ရောက်မယ်လို့ ကာကွယ်ရေးဌာနက အတည်ပြုပါတယ်။

ကြည်း၊ ရေ၊ လေနဲ့ Marine ကမ်းတက်တပ်အပြင် ကမ်းခြေစောင့်တပ်တွေက အဆင့်မြင့်အရာရှိကြီးတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အမေရိကန် လွတ်လပ်ရေးနေ့ဟာ ပြည်သူတွေရဲ့ လွတ်လပ်မှုကို အသားပေးတဲ့နေ့ ဖြစ်တာမို့ အစဉ်အလာအားဖြင့် အခမ်းအနားတွေဟာ နိုင်ငံရေးကင်းသလို၊ သမ္မတတွေလည်း မိန့်ခွန်းပြောကြားလေ့ မရှိပါဘူး။ စစ်တပ်ကလည်း ကင်းကင်းနေလေ့ရှိတာပါ။

အခုတော့ သမ္မတက ရွေးကောက်ပွဲ မဲဆွယ်တဲ့ပုံစံမျိုး လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို နိုင်ငံရေးအရလုပ်တယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ စရိတ်နဲ့ သူ့နိုင်ငံရေးအကျိုးအမြတ်အတွက် အခမ်းအနားလုပ် အမြတ်ထုတ်နေတယ်လို့ Democrat လွှတ်တော်အမတ်တွေက ဝေဖန်နေကြပါတယ်။ သမ္မတစီစဉ်တဲ့ လွတ်လပ်ရေးနေ့အခမ်းအနားဟာ အမေရိကန်တွေ စံတန်ဖိုးထားတဲ့ အရာတွေနဲ့ မကိုက်သလို၊ တကိုယ်ကောင်းဆန်တဲ့ သမ္မတရဲ့ နိုင်ငံအတွက် အရှက်ရစရာလုပ်ရပ်ဖြစ်တယ်လို့ အောက်လွှတ်တော် စစ်ပြန်စစ်မှုထမ်းရေးရာဥက္ကဋ္ဌက Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG