သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေးနေ့ စစ်အင်အားပြမည့် သမ္မတ Trump အစီအစဉ်အပေါ် အမြင်တချို့


ဒီနေ့ ကျရောက်တဲ့ ၂၄၃ ကြိမ်မြောက် အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားကို အရင်နှစ်တွေကနဲ့ မတူ တမူထူးခြားစွာ ကျင်းပဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားခဲ့ပါတယ်။ အစဉ်အလာ မဟုတ်ဘဲ စစ်ရေးပြပွဲနဲ့ သမ္မတ ကိုယ်တိုင် မိန်ခွန်းပြောမယ့် အစီအစဉ်တွေ ပါဝင်တဲ့ ဒီနှစ် အမေရိကန် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပမယ့်အပေါ် အမေရိကန် ပြည်သူတွေရဲ့ အမြင်တချို့ကို ရိုက်တာသတင်းဌာနက မေးမြန်းထားတာကို အခြေခံပြီး ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ ဒီနှစ် အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အရင်နှစ်တွေကနဲ့ မတူဘဲ တမူထူးခြားစွာ ကျင်းပဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ညွှန်ကြားထားပါတယ်။ ပြင်သစ် အမျိုးသားနေ့ Bastille Day အထိမ်းအမှတ် ချီတက်ပွဲ အခမ်းအနားကို ပြင်သစ် သမ္မတ Emmanuel Macron နဲ့အတူ တက်ရောက်ပြီး အားကျခဲ့တဲ့ သမ္မတ ထရမ့်က ဒီနှစ် အမေရိကန် လွတ်လပ်ရေး နေ့မှာ ချီတက်ပွဲတွေ စစ်ရေးပြပွဲတွေကိုပါ ထည့်သွင်း ကျင်းပမယ့်အပြင် သူကိုယ်တိုင်ကလည်း မိန့်ခွန်း ပြောဖို့ စီစဉ်နေပါတယ်။ အခမ်းအနား မကျင်းပခင် တစ်ရက်အလို ဝါရှင်တန်ဒီစီ မြို့တော် အတွင်း အခမ်းအနားကျင်းပမယ့် နေရာ အနီးအနားမှာ ပြပွဲမှာ ပါဝင်ပြသမယ့် တင့်ကားတွေကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

အခု ကြားရတဲ့ အသံကတော့ ဝါရှင်တန်မြို့တော်အတွင်းက တင့်ကားတွေ ရွှေ့ပြောင်း နေရာချထားတဲ့ အသံဖြစ်ပါတယ်။ ဒါကို ရပ်ကြည်နေတဲ့ Karen က ဒီ နှစ် လွတ်လပ်ရေးနေ့ အခမ်းအနားအပေါ် သူ့ရဲ့ အမြင်ကို အခုလို ပြောပြပါတယ်။

“ တကယ်တော့ ဒီနှစ် အခမ်းအနားကို သိပ် ချဲ့ကားပြီး လုပ်လိမ့်မယ်လို့ ကျွန်မထင်တယ်။ ဒေါ်နယ်ထရမ့်လို့ ခေါ်တဲ့ အတ္တများတဲ့လူ တစ်ယောက်က သူ့ရဲ့ အတ္တကို ထုတ်ပြမယ့် ဒီလို ပွဲမျိုးအတွက် အခွန် ထမ်းပြည်သူတွေရဲ့ ပိုက်ဆံတွေ သုံးမှာကိုတော့ ကျွန်မ သဘော မကျပါဘူး။”

TV တင်ဆက်သူ တဦးဖြစ်ခဲ့ဖူးပြီးမှ ရစ်ပတ်ဘလင်ကန် နိုင်ငံရေးသမား ဖြစ်လာသူ ဒီပွဲကို စီစဉ်နေတဲ့ သမ္မတ ထရမ့်အပေါ် အခမ်းအနား ကျင်းပမယ့် အတိုင်းအတာ၊ ကုန်ကျစရိတ်နဲ့ ပါတီစွဲတွေကြောင့် ဝေဖန်သူတွေက မွန်မြတ်တဲ့ လွတ်လပ်ရေးနေ့ထဲ ဝါရှင်တန်ရဲ့ ဘက်နှစ်ဖက် ကွဲတဲ့ နိုင်ငံရေးကို သွတ်သွင်းဖို့ ကြံစည်နေတယ်လို့ စွပ်စွဲကြပါတယ်။ ပုံမှန် ချီတက်ပွဲနဲ့ မီးရှူးမီးပန်းတွေ ဖောက်လေ့ရှိတဲ့ ဝါရှင်တန်က လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝှမ်းက ပြည်သူ ရာထောင် ပေါင်းများစွာ တက်ရောက်ကြပါတယ်။ သမ္မတ မိန့်ခွန်းပြောတာကို နားထောင်ဖို့အတွက် ဖိတ်ကြားတဲ့ အထူးလက်မှတ်တွေကို လက်ခံ ရရှိထားပြီဖြစ်တယ်လို့လည်း ရစ်ပတ်ဘလစ်ကန် နိုင်ငံရေး အုပ်စုတွေက ပြောပါတယ်။ သံချပ်ကာ တင့်ကားတွေကို ဝါရှင်တန်ဒီစီက လမ်းပေါ်မှာ မြင်တွေ့ရတဲ့ ဖလော်ရီဒါက အလည်လာတဲ့ ခရီးသွား Steve Covnin တော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ လွတ်လပ်ရေးနေ့ ဖြစ်တာနဲ့အညီ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ စစ်ရေး ရှုထောင့်အမြင်နဲ့ကြည့်ရင် တင့်ကားနဲ့ လွတ်လပ်ရေးနေ့ လိုက်ဖက်နေတယ်လို့ ထင်ပါတယ်။”

တမူ ထူးခြားစွာ ကျင်းပမယ့် ဒီနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံသားဖြစ်သူ ကိုဇံဝင်းမောင်ကလည်း သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“ ကျနော့် အမြင်ကတော့ အမေရိကန်က ကမ္ဘာပေါ်မှာ စစ်အင်အား အကြီးဆုံး နိုင်ငံ တခုပါဘဲလေ။ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက။ အဲတော့ အခုအချိန်မှာ အီရန်တွေ ဘာတွေနဲ့လည်း တင်းမာမှု ရှိတယ်၊ တခြားနိုင်ငံတွေကလည်း အရင်တုန်းက တရုတ်တို့ ရုရှားတို့ကလည်း စစ်ရေးပြ အခမ်းအနားတွေ ရှိတယ် ဆိုတော့ ဒီအချိန်မှာ သူ့အနေနဲ့ အမေရိကန်ရဲ့ အင်အားကို ပြန်ပြီးတော့ လူတွေ သတိရနေဖို့ ပြတာဘဲပေါ့နော်။ အင်အား အကြီးဆုံး ဖြစ်တယ်ဆိုတဲ့ဟာကို ပြချင်တာပါဘဲ။ ”

ဒီမိုကရက်တွေကတော့ နိုင်ငံရေး ဟောပြောပွဲလုပ်ဖို့ အခွန်ထမ်း ပြည်သူတွေရဲ့ ပိုက်ဆံကို သုံးနေတယ်လို့ သမ္မတထရမ့်ကို စွပ်စွဲနေသလို ရုပ်သံ ဌာနက သတင်းဝေဖန်သူ တချို့လည်း အမေရိကန် စစ်တပ်ကို နိုင်ငံရေး ဇာတ်သွင်းနေတယ်ဆိုပြီး သူတို့ရဲ့ စိုးရိမ် ပူပန်မှုကို ထုတ်ဖော် ပြောဆိုကြပါတယ်။ အိမ်ဖြူတော်ကတော့ သမ္မတ မိန်းခွန့်ဟာ မျိုးချစ်စိတ်ကိုပဲ အလေးထား ပြောကြားမှာဖြစ်ပြီး နိုင်ငံရေးအကြောင်း မပါဘူးလို့လည်း ဆိုပါတယ်။

ဝါရှင်တန် ဒီစီက လင်ကွန်း အမှတ်တရ အဆောက်အဦးရှေ့မှာ ဒေသ စံတော်ချိန် ညနေ ၆ နာရီ မှာ ကျင်းပမယ့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ကြည်းတပ်က Bradley အမျိုးအစား သံချပ်ကာ ယာဉ်တွေ၊ M 1 Abrams တင့်ကားတွေပါဝင်မှာ ဖြစ်သလို ဝေဟင်မှာတော့ B-2 စတဲ့လ့် ဗုံးကြဲလေယာဉ်တွေ၊ F-35 နဲ့ F-22 တိုက်ပွဲဝင် လေယာဉ်တွေ၊ V-22 လေယာဉ်တွေနဲ့အတူ အမေရိကန် သမ္မတစီးတဲ့ Marine One ရဟတ်ယာဉ်နဲ့ Air Force One ဘိုးအင်း လေယာဉ်ကြီးလည်း ပါဝင်မှာ ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG