သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရသစ် အမည်တင်သွင်းခံရသူတွေ လွှတ်တော်က စိစစ်ဆဲ


ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်နဲ့ ပတ်သက်လို့ အချေအတင် ဖြစ်နေချိန်မှာပဲ - ကျန်းမာရေးနဲ့ လူသားအရင်းအဖြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် အမေရိကန်သမ္မတ Donald Trump က ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်ကို အတည်ပြုခန့်အပ်ဖို့ လွှတ်တော်ရှေ့မှောက် အင်္ဂါနေ့က ဒုတိယအကြိမ် ကြားနာပွဲမှာ ပြင်းထန်တဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သမ္မတ Trump အစိုးရကတော့ ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို အစားထိုးဖို့ လိုလားနေပေမဲ့ - ကျန်းမာရေးဝန်ကြီး လျာထားခံထားရတဲ့ Tom Price ကတော့ အစားထိုးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အနည်းအကျဉ်းလောက်သာ အသေးစိတ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအရ - ကျန်းမာရေးအာမခံ ရရှိနေကြတဲ့ အမေရိကန်သန်းပေါင်းများစွာ ဒုက္ခရောက်အောင် လုပ်ဖို့ အစီအစဉ် မရှိတဲ့အကြောင်း အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီရှေ့မှောက် မေးမြန်းမှုတွေအတွင်း ဖြေကြားခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီတွေမှာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လွှတ်တော်အမတ်တဦးအဖြစ် သူ့ရဲ့လုပ်ရပ်တွေက ကုမ္ပဏီရဲ့ လုပ်ငန်းတွေအပေါ် သက်ရောက်မှုတစုံတရာ ရှိ - မရှိ ဆိုတဲ့ ပြင်းထန်တဲ့ မေးခွန်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် သမ္မတ Trump က အဆိုပြုထားတဲ့ Nikki Haley ကတော့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ တခဲနက်အတည်ပြုချက် ရရှိခဲ့တဲ့အတွက်၊ အထက်လွှတ်တော်တရပ်လုံးရဲ့ အတည်ပြုချက်ရဖို့ ပိုပြီး နီးစပ်သွားပြီ ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် Jeff Sessions ကို နိုင်ငံတော်ရှေ့နေချုပ်အဖြစ် အမည်စာရင်းတင်သွင်းမှုကို အထက်လွှတ်တော် တရားရေးကော်မတီက ထိပ်တန်းဒီမိုကရက် ကိုယ်စားလှယ်တဦးက သီတင်းတပတ်ကြာ ဆိုင်းငံ့ဖို့ စီစဉ်ခဲ့ပါတယ်။ ကော်မတီအနေနဲ့ အသေးစိတ်လေ့လာဆန်းစစ်နိုင်အောင် အချိန်ယူဖို့ လိုအပ်တဲ့အကြောင်း ဒီမိုကရက် အထက်လွှတ်တော်အမတ် Dianne Feinstein ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

ကွယ်လွန်သူ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး Antonin Scalia ရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့်သူရဲ့ အမည်ကိုတော့ လာမယ့် သီတင်းပတ်မှာ သမ္မတ Trump ကြေညာဖို့ရှိပြီး - အဲဒီနောက် လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်တဲ့ သမ္မတ Trump အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးကတော့ - ကာကွယ်ရေးဝန်ကြီး James Mattis၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး John Kelly နဲ့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA ညွှန်ကြားရေးမှူး Mike Pompeo တို့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG