သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tillerson ကို နိုင်ငံခြားရေးဝန်ကြီးသစ်ခန့်ဖို့ လွှတ်တော်ကော်မတီ အတည်ပြု


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းခံရသူ Rex Tillerson
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းခံရသူ Rex Tillerson

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းခံရသူ Rex Tillerson ကို အတည်ပြုနိုင်ရေး အထက်လွှတ်တော် အမေရိကန်နိုင်ငံခြား ဆက်ဆံရေး ကော်မီတီက ကန့်ကွက်မဲ ၁၀ မဲ၊ ထောက်ခံမဲ ၁၁ မဲနဲ့ တနင်္လာနေ့က အတည်ပြုပေးလိုက်ပါပြီ။ သူ့ကို တရားဝင် အတည်ပြုနိုင်ရေးကိုတော့ လွှတ်တော်တရပ်လုံးက ဆက်ပြီးတော့ မဲခွဲ ဆုံးဖြတ်ရမှာပါ။

နိုင်ငံခြားရေးဝန်ကြီးဖြစ်လာဖို့ သေချာသလောက် ရှိနေပြီလို့တော့ ဆိုနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ မျက်နှာစာမှာ အမေရိကန်နိုင်ငံခြားရေး မူဝါဒ အောင်မြင်ရေးအတွက် အဓိက သံတမန်ရေးရာမှာ တာဝန်ရှိသူ ဖြစ်လာမယ့် Rex Tillerson ဟာ တချိန်တုန်းက ExxonMobil ရေနံ ကုမ္ပဏီကြီးရဲ့ အကြီးအကဲဖြစ်ခဲ့ပြီးတော့ နိုင်ငံခြားဆက်ဆံရေးမှာ အတွေ့အကြုံ နဲသူ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိတ်ဝင်စားမှု ရှိပါ့မလားဆိုပြီး စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Rex Tillerson ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်ရေးအတွက် အထက်လွှတ်တော်မှာပဲ နိုင်ငံခြားဆက်ဆံရေး ကော်မီတီမှာ ကြားနာပွဲတွေ ပြုလုပ်နေတာမှာ ကျနော်တို့ အခု အသံလွှင့်ပြီး မကြာခင် နာရီပိုင်းအတွင်း မဲခွဲ ဆုံဖြတ်ကြတော့မှာ ဖြစ်ပါတယ်။ ဒီမိုကရက် လွှတ်တော်အမတ်တွေက သူ့ကို ထောက်ခံမှု မပေးဘူးလို့ ပြောဆိုနေပေမယ့်လည်း ရီပတ်ဘလီကန် အမတ်တွေက ထောက်ခံမှုပေးမှာဖြစ်တဲ့အတွက် Tillerson အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။

Rex Tillerson ဟာ ExxonMobil ရေနံကုမ္ပကြီးရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရုရှားသမ္မတ Vladimir Putin နဲ့ ထွေးနွေးတဲ့ ဆက်ဆံရေး ရှိခဲ့တာကြောင့် သူ့ကို ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ဘက်လိုက်မှုမရှိပဲ အပြည့်အ၀ ထမ်းဆောင်နိုင်ပါ့မလားဆိုပြီး သူ့ကို ဝန်ကြီးအဖြစ် မခန့်အပ်ခင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မီတီမှာ ကျင်းပတဲ့ ကြားနာပွဲအတွင်း လွှတ်တော်အမတ်တွေက မေးခွန်း ထုတ်ခဲ့ကြတာပါ။

အထက်လွှတ်တော်မှာ သြဇာရှိတဲ့ အမတ်တဦးလည်းဖြစ်၊ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အထက်လွတ်တော်ကော်မီတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Arizona ပြည်နယ် အထက်လွှတ်တော်အမတ် John McCain ကလည်း အစောပိုင်းမှာ Tillerson နဲ့ ရုရှားသမ္မတတို့ရဲ့ ရင်းနှီးလှတဲ့ ဆက်ဆံမှုတွေ ရှိခဲ့တဲ့အတွက် ထောက်ခံမဲပေးဖို့ ဝန်လေးနေခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့ကတော့ သူ့အနေနဲ့ ထောက်ခံမဲ ပေးမယ်လို့ ပြောကြားလိုက်ပါတယ်။

Tillerson ဟာ ExxonMobil ကုမ္ပဏီအကြီးအကဲတဦးအဖြစ် ရုရှားနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအတွက် နှစ်ပေါင်း များစွာ တာဝန်ယူ ဆောင်ရွက်ပေးခဲ့တဲ့ အတွေ့အကြုံ ရှိခဲ့တာ မှန်ပေမယ့် အာရှဒေသနဲ့ပတ်သက်လို့ အတွေ့အကြုံ လုံးဝမရှိသူ တဦးဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ တာဝန်ခံ Brad Adams က ပြောပါတယ်။

“Rex Tillerson ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အတွေ့အကြုံ ရှိသူတယောက် မဟုတ်ပါဘူး။ နောက်ပြီးတော့ အာရှတိုက်အကြောင်းလည်း သိတဲ့သူတဦး မဟုတ်ပါဘူး။ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက ကျွန်းတွေ တည်ဆောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို စိန်ခေါ်သွားမယ်ဆိုပြီး မှားယွင်း ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ Trump ကိုယ်ကလည်း ထိုင်ဝမ်ကျွန်းကိစ္စနဲ့ ပတ်သက်လို့ ကြီးမားတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်စေမယ့် ပြောဆိုမှုတွေ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။”

အမေရိကန်အစိုးရဟာ ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာကို အစဉ်တစိုက် ထောက်ပြ ဝေဖန်ခဲ့ပေမယ့်လည်း သမ္မတ Trump အစိုးရကတော့ လူ့အခွင့်အရေးကိစ္စတွေကို အခုချိန်ထိ စိတ်ဝင်စားမှု မပြသေးတဲ့အတွက် လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိတယ်လို့လည်း Brad Adams က ပြောပါတယ်။

“Trump အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေနဲ့ အာရှအရေးကိစ္စတွေကို အမှန်တကယ် စိတ်ဝင်စားရဲ့လား ဆိုတဲ့အပေါ် ကျနော်တို့အနေနဲ့ အများကြီး စိုးရိမ်မိပါတယ်။ အခုချိန်မှာတော့ Tillerson အနေနဲ့ အာရှအရေးကိစ္စတွေကို စိတ်အားထက်သန်ပြီး ကျွမ်းကျင်မှုရှိတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခန့်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ သမ္မတ အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်မယ့် အမျိုးသားလုံခြုံရေး အကြံပေးရာထူးကိုလည်း အာရှအရေးကိစ္စတွေကို ထဲထဲဝင်ဝင် သိရှိနားလည်သူကို ခန့်ပါစေလို့ ဆုတောင်းပါတယ်။ အခုအချိန်မှာတော့ ဘာကိုမှ အတတ်ပြောလို့ မရနိုင်သေးပါဘူး။”

သမ္မတ Barack Obama အစိုးရ လက်ထက်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် ထောက်ခံ အားပေးမှုတွေ ရှိခဲ့ပြီး တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း အစဉ်တစိုက် ဝေဖန် ပြောဆိုခဲ့တာပါ။

ဒါကြောင့်လည်း လူ့အခွင့်အရေး ကိစ္စတွေ အပါအဝင် အာရှဒေသကို စိတ်ဝင်းမှု ခုချိန်ထိ မပြသေးတဲ့ သမ္မတ Trump အစိုးရလက်မှာ အာရှဒေသနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိမယ့် ပေါ်လစီတွေ ပြောင်းလဲမှုတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ထွက်နေတာပါ။

George Town တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinburg ကတော့ အာရှတိုက်ဟာ အမေရိကန်အတွက် အရေးပါတဲ့ ဒေသတခုဖြစ်တာကြောင့် Trump အနေနဲ့ အာရှတိုက်ကို အာရုံစိုက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရပေါ်လစီတွေ ပြောင်းလဲ ချမှတ်ခဲ့တယ်ဆိုတာဟာ သမ္မတ အိုဘားမား အစိုးရကြောင့် ဖြစ်ပါတယ်။ နောက်ပြီးတော့ Hillary Clinton ကိုယ်တိုင်ကလည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ အိုဘားမား အစိုးရက ချမှတ်ခဲ့တဲ့ ပေါ်လစီကြောင့်ဆိုပြီး Trump အစိုးရက အပြစ်တင် ပြောဆိုမှုတွေတော့ အခုချိန်ထိ ကျနော်တော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် မပြောနိုင်သေးပါဘူး။ မြန်မာပြည်ဘက်ကလည်း ဘယ်လိုဖြစ်မယ်ဆိုတာ တိတိပပ ပြောဆိုတာမျိုး မရှိသေးဘူး။ မြန်မာနိုင်ငံအတွင်းမှာ ပြဿနာတွေ ဆက်ရှိနေမယ်ဆိုရင် အိုဘားမား အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အိုဘားမား အစိုးရက အလောတကြီး လုပ်ခဲ့တယ်လို့ Trump အစိုးရက ပြောကောင်း ပြောနိုင်ပါတယ်။ ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတခုပါ။ ဒါပေမယ့် အဲဒီလို ပြောတဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ပေါ်လစီပြောင်းသွားမယ်လို့တော့ မယူဆနိုင်ပါဘူး။”

Donald Trump ကိုယ်တိုင်ကလည်း မဲဆွယ် စည်းရုံးစဉ်ကာလကတည်းက အရှေ့အောင်အာရှ အရေးကိစ္စတွေကို စိတ်ဝင်စားမှု မပြခဲ့ဘူးလို့ ပါမောက္ခ Steinburg က ပြောပါတယ်။

အရှေ့တောင်အာရှ ဒေသဟာ အမေရိကန်အတွက် ပထဝီ နိုင်ငံရေးအနေအထားအရ အရေးပါတဲ့ ဒေသဖြစ်ကြောင်း၊ အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲတွေကျင်းတိုင်း အမေရိကန်သမ္မတကို ဖိတ်ကြားလေ့ရှိတာကြောင့် သမ္မတ Trump အနေနဲ့ အာဆီယံနိုင်ငံတွေကို အလေးပေး ဆက်ဆံဖို့ လိုအပ်တယ်လို့လည်း ပါမောက္ခ Steinburg က ထောက်ပြပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပတဲ့ သမ္မတ Donald Trump ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ သမ္မတ Trump အစိုးရ လက်ထက်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးတွေ တိုးတက် ကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG