သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြိုးစားမှု ကန် ဝေဖန်ပြစ်တင်


အီရတ်ဝန်ကြီးချုပ် Mustafa al-Kadhimi. (ဇူလိုင် ၂၃၊ ၂၀၂၁)
အီရတ်ဝန်ကြီးချုပ် Mustafa al-Kadhimi. (ဇူလိုင် ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

အီရတ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာဟာ "အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှု" ကို တိုက်ခိုက်တာဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုရဲ့ သဘောသဘာဝကို ကြည့်ရတာ အီရန်နဲ့ဆက်စပ်တဲ့ အုပ်စုတွေရဲ့လက်ချက် ဖြစ်နိုင်တယ်ဆိုတာ ပြနေတယ်လို့လည်း ပြောပါတယ်။

အီရတ်လုံခြုံရေး တာဝန်ရှိသူတွေရဲ့ အဆိုအရ အီရတ်ဝန်ကြီးချုပ် Mustafa al-Kadhimi ကို လက်နက်ဆင်ထားတဲ့ အဝေးထိန်း ဒရုန်းယာဉ်တွေနဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့တာပါ။ ဝန်ကြီးချုပ်ဟာ ဒဏ်ရာအနည်းငယ်ပဲ ရခဲ့ပြီး တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ချက်ချင်း နှိုးဆော်ခဲ့ပါတယ်။

"ဒုံးကျည်နဲ့ ဒရုန်းယာဉ်တွေသုံးပြီး သူရဲဘောကြောင်စွာ တိုက်ခိုက်တာကနေ အမိနိုင်ငံတော်ကို တည်ဆောက်လို့ မရပါဘူး။ အနာဂတ်ကို တည်ဆောက်လို့ မရပါဘူး" ဆိုပြီး တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း သိပ်မကြာခင်မှာပဲ ရုပ်သံကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ် al-Kadhimi က ပြောခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို သမ္မတ Joe Biden ကလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ပန်တဂွန်စစ်ဌာနချုပ်ကလည်း သမ္မတ Biden ပြောခဲ့တဲ့အတိုင်း တနင်္လာနေ့က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် ရည်ရွယ်တဲ့ပစ်မှတ်ဟာ အီရတ်ဝန်ကြီးချုပ် တဦးတည်း ဟုတ်ပုံမရဘူးလို့လည်း သတိပေးထားပါတယ်။

တိုက်ခိုက်မှုရဲ့ လက်သည်အဖြစ် ဘယ်သူကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ ဒါပေမယ့် အီရန် ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့ အနည်းဆုံးတဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပုံရတယ်လို့ အီရတ် လုံခြုံရေး သတင်းအရင်းအမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

------------------

(Unicode)







XS
SM
MD
LG