သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး တွန်းအားပေးဖို့ ကန်အရာရှိများ ဒေသတွင်းရောက်ရှိ


ဂါဇာအပစ်ရပ်ရေး သမ္မတဘိုင်ဒန်ရဲ့အဆိုပြုချက်သစ်အတွက် တွန်းအားပေးဖို့ ကာတာနိုင်ငံ၊ ဒိုဟာမြို့ကိုရောက်နေတဲ့ အမေရိကန် CIA ဒါရိုက်တာ Bill Burns
ဂါဇာအပစ်ရပ်ရေး သမ္မတဘိုင်ဒန်ရဲ့အဆိုပြုချက်သစ်အတွက် တွန်းအားပေးဖို့ ကာတာနိုင်ငံ၊ ဒိုဟာမြို့ကိုရောက်နေတဲ့ အမေရိကန် CIA ဒါရိုက်တာ Bill Burns

ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် အဆင့် ၃ ဆင့်ပါတဲ့ အပစ်ရပ်ရေး အဆိုပြုချက် အသစ်အတွက် တွန်းအားပေးနိုင်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ထိပ်တန်းလက်ထောက်တွေ အရှေ့အလယ်ပိုင်းကို ရောက်နေပါတယ်။

ဒီအဆိုပြုချက်အသစ်ဟာ အစ္စရေးစစ်ဝန်ကြီးအဖွဲ့ရဲ့ အပစ်ရပ်ကမ်းလှမ်းချက်အသစ် အဖြစ် အမေရိကန်သမ္မတဘိုင်ဒန်က အရင်အပတ်က ကြေညာခဲ့တာပါ။ ဒီအဆိုပြုချက်အသစ် အကောင်အထည်ဖော်နိုင်ဖို့ CIA ဒါရိုက်တာ Bill Burns ဟာ ဂါဇာစစ်ပွဲမှာ အမေရိကန်၊ အီဂျစ်တို့နဲ့အတူ အဓိ‌က ဆွေးနွေးညှိနှိုင်းပေးနေတဲ့အခန်းကဏ္ဍမှာ ပါဝင်တဲ့ ကာတာနိုင်ငံမြို့တော် ဒိုဟာကို အင်္ဂါနေ့ကတည်းကရောက်ရှိနေသလို ဘိုင်ဒန်ရဲ့ အရှေ့အလယ်ပိုင်း ထိပ်တန်းအကြံပေး Brett McGurk ဟာလည်း ဗုဒ္ဓဟူးနေ့က ကိုင်ရိုမြို့တော်ကို ရောက်ရှိနေတယ်လို့ အုပ်ချုပ်ရေးအရာရှိတွေက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ကာတာနဲ့အီဂျစ်နိုင်ငံတွေက စေ့စပ်ညှိနှိုင်းရေးမှူးတွေကတဆင့် ဟာမတ်စ်အဖွဲ့ကို သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး ဘိုင်ဒန်ရဲ့သတင်းစကားကို ပေးပို့ဖို့ မျှော်လင့်ရပါတယ်။ အစ္စရေးရဲ့ ကမ်းလှမ်းချက်အသစ်လို့ အမေရိကန်က ပြောတဲ့ အဆိုပြုချက်ထဲမှာ တိုက်ပွဲတွေကို ကနဦးကာလ သီတင်း (၆) ပတ်ကြာ ခေတ္တရပ်နားထားမယ့် အာမခံချက်ပါဝင်သလို အစ္စရေးအကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းတွေနဲ့ ဟာမတ်စ်အဖွဲ့ကဖမ်းထားတဲ့ ဓားစာခံတချို့ လဲလှယ်ရေး အစီအစဥ်တွေ ပါဝင်ပါတယ်။

အခု သီတင်းပတ်အစောပိုင်းတုန်းကလည်း သမ္မတဘိုင်ဒန်ဟာ ကာတာနိုင်ငံရဲ့ အကြီးအကဲ Sheikh Tamim bin Hamad bin Khalifa Al Thani နဲ့ ဆက်သွယ်စကားပြောခဲ့ပြီး အခု ကမ်းလှမ်းချက်ပါအစီအစဥ်တွေက "ဂါဇာအကျပ်အတည်း အဆုံးသတ်ရေးအတွက် ခိုင်မာတဲ့လမ်းပြမြေပုံ" ဖြစ်ကြောင်း တိုက်တွန်းထားပါတယ်။ ဒီထဲမှာ အစ္စရေး ဓားစာခံအားလုံး လွှတ်ပေးရေးနဲ့ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဥ်တွေပါဝင်ပြီး ထာဝရ အပစ်အခတ်ရပ်စဲရေးကို ဦးတည်ထားပေမယ့် အခုလောလောဆယ်အထိတော့ နှစ်ဘက်စလုံးက သဘောတူညီရယူနိုင်မယ့် အခြေအနေ မတွေ့ရသေးပါဘူး။

ဒီအဆိုပြုချက်ကို အစ္စရေးကာကွယ်ရေးဆိုင်ရာ စစ်ဝန်ကြီးများ အဖွဲ့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပေမယ့် ဘိုင်ဒင်က ကြေငြာအပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ ထုတ်ပြန်ချက်ထဲမှာ “ဟာမတ်စ်ရဲ့ စစ်ရေးနဲ့ အုပ်ချုပ်မှုစွမ်းရည်တွေကို ဖျက်ဆီးနိုင်ခြင်းမရှိဘဲ ထာဝရအပစ်အခတ်ရပ်စဲ ရမှာမဟုတ်ကြောင်း” ပြောထားလို့ အစ္စရေးရဲ့ ကမ်းလှမ်းချက်လို့ အမေရိကန်ပြောနေတာကို သံသယတွေ ပိုများလာနေတာပါ။ ဒါကိုတုံ့ပြန်တဲ့ဟာမတ်စ်အရာရှိ Osama Hamdan ရဲ့ အင်္ဂါနေ့က ပြောဆိုချက်ထဲမှာလည်း ဂါဇာကမ်းမြောင်ဒေသကနေ အပြီးအပြတ် ဆုတ်ခွာပေးမယ့် အစ္စရေးရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်မရှိဘဲ သဘောတူနိုင်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG