သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ဂျပန် ကုန်သွယ်ရေး သဘောတူညီချက် ရှေ့လထဲ လက်မှတ်ထိုးမည်


G7 ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံနေသည့် အမေရိကန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်။ (Aug 25, 2019)
G7 ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံနေသည့် အမေရိကန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်။ (Aug 25, 2019)

ဂျပန်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး သဘောတူညီချက်ကို မူအားဖြင့် သဘောတူထားပြီး လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်းမှာ လက်မှတ်ထိုးမယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောဆိုပါတယ်။

ပြင်သစ်နိုင်ငံ Biarritz မှာ ကျင်းပတဲ့ G-7 ထိပ်သီးညီလာခံအတွင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ သီးသန့်ဆွေးနွေးခဲ့တဲ့ သမ္မတ Trump က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဒီကုန်သွယ်ရေး သဘောတူညီချက်က အမေရိကန် လယ်သမားတွေနဲ့ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေအတွက် သိပ်ပြီး ကောင်းမွန်တယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် Abe ဘက်ကတော့ ထိန်းထိန်းသိမ်းသိမ်း ပိုပြီး ရှိနေပုံ ရပါတယ်။ စကားပြန်ကနေတဆင့် သတင်းထောက်တွေကို ပြောကြားခဲ့တာမှာတော့ ဒီအခွင့်အလမ်းကို အရယူပြီး ဂျပန်-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးရေး အသေအချာ ရည်မှန်းချက် ထားလိုတယ်လို့ ပြောဆိုခဲ့တာပါ။

အပြီးသတ် သဘောတူညီချက် ဆိုတာကို ရည်ညွှန်းပြီး အလုပ်သဘော အဆင့် ဆောင်ရွက်စရာ တချို့ ကျန်ရှိနေသေးတယ်လို့လည်း ဂျပန် ဝန်ကြီးချုပ်က ပြောပါတယ်။

ဂျပန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ဦးဆောင် ညှိနှိုင်းနေတဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တော် Robert Lighthizer ကတော့ ဒီသဘောတူညီချက်ထဲမှာ စိုက်ပျိုးရေး၊ စက်မှုနဲ့ ဒီဂျစ်တယ် ကဏ္ဍသုံးရပ် ပါဝင်တယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲရဲ့ ရလဒ်အဖြစ် အမေရိကန် လယ်သမားတွေ လက်ထဲမှာ ရှိနေတဲ့ ပိုလျှံပြောင်းတွေကို ဂျပန်ဘက် ဝယ်ယူမယ်ဆိုတာကို အမေရိကန် သမ္မတက အလေးထား ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG