သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီး Kerry သြဂုတ်လ ခရီးစဉ် အတွင်း မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှု လေ့လာမည်


မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ချိုးကွေ့လာတယ်ဆိုပေမဲ့ အောင်မြင်မှုရဖို့ အခက်အခဲတွေ တော်တော်များများ ရင်ဆိုင်ရဦးမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် စမ်းသပ်ခံကာလဖြစ်ပြီး ဒီအခြေအနေကို တကမ္ဘာလုံး စောင့်ကြည့်နေသလို၊ ပြုပြင်ပြောင်းလဲ မှုတွေ အောင်မြင်မှုရဖို့ အမေရိကန်ပြည်ထောင်စုက ဆက်ပြီး အားပေး ကူညီသွားမယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောလိုက်တာပါ။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

လာမယ့် သြဂုတ်လထဲ ARF ခေါ်တဲ့ အာဆီယံ ဒေသတွင်းဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး John Kerry တက်ရောက်ဖို့ရှိတာကြောင့် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က အမေရိကန်ပြည်ထောင်စုရဲ့ အာဆီယံနဲ့ပတ်သက်လို့ မူဝါဒတွေ၊ ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး Kerry ဦးစားပေးလုပ်ဆောင်မယ့် အစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာရှိတဲ့ Commonwealth Club မှာ ဇူလှိုင် ၂၈ ရက်နေ့တုန်းက ရှင်းလင်းပြောခဲ့တာပါ။ အဲဒီမှာပဲ ဒေသတွင်း သမိုင်းဝင်လောက်အောင် ထူးခြားချက်အနေနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ချိုးကွေ့ခဲ့တဲ့နိုင်ငံဆိုပြီး ပြောသွားပါတယ်။ ဒီလို အချိုးအကွေ့ပေါ် ရောက်လာပေမဲ့လည်း အခက်အခဲတွေ အကဲစမ်းချက်တွေ နိုင်ငံရေး အကျပ်အတည်းတွေတော့ ရှိနေတယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က ပြောခဲ့ပါတယ်။

“ဒါပေမဲ့လည်း ဒီအချိုးအကွေ့ဟာ သေချာ ပြီးပြည့်စုံသေးတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ အကဲစမ်းချက် အတော်များများ ရင်ဆိုင်နေရပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်း အောင်မြင်မှု ရသွားပြီလို့ နိဂုံးချုပ်လို့ မရသေးပါဘူး။ ကမ္ဘာမှာ နှစ်အကြာဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကိစ္စ၊ အစိုးရထဲ စစ်ဘက်နဲ့ အရပ်သား ပါဝင်ထိန်းချုပ်မှုကိစ္စ၊ နိုင်ငံတော် အကြီးအကဲ သမ္မတနေရာ ထမ်းဆောင်ရမယ့်ပုဂ္ဂိုလ်ရဲ့ အရည်အချင်း သတ်မှတ်ချက် ကိစ္စတွေနဲ့ လုံးပမ်းနေရပါတယ်။”

အခက်အခဲတွေထဲမှာတော့ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် ဘယ်လို ရွေးချယ်လုပ်ဆောင်မလဲ ဆိုတာ မြန်မာတာဝန်ရှိသူတွေအတွက် ခက်ခဲတဲ့ ရွေးချယ်မှုဖြစ်တယ်လို့လည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က ပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကျပ်အတည်း ကြုံနေရတာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ ဆုံးဖြတ် ရွေးချယ်ဖို့လည်း အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အပြုသဘောဆောင် တိုးတက်မှုအချို့ တွေ့လာရပါတယ်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့လို အကူအညီပေးရေး အဖွဲ့တွေကို ပြန်လက်ခံဖို့ အစီအစဉ်ရှိတယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေကြောင့် လပေါင်းများစွာ ဒုက္ခကြုံနေရသူတွေရဲ့ အသက်မွေးဝမ်းကျောင်း ရပ်တည်မှု၊ လုံခြုံဘေးကင်းမှုတွေ ဘယ်လို ဆောင်ရွက်မလဲဆိုတာ မဟာဗျူဟာချ လုပ်ဆောင်လာပါတယ်။”

ဒါကြောင့်လည်းပဲ အခုလို မြန်မာနိုင်ငံက အပြောင်းအလဲ အခြေအနေတွေနဲ့ စိန်ခေါ်ချက်တွေကို ဘယ်လို ရင်ဆိုင်နေသလဲဆိုတာတွေကို နိုင်ငံခြားရေးဝန်ကြီး Kerry က အခု သြဂုတ်လ မြန်မာနိုင်ငံသွားစဉ်မှာရော၊ သမ္မတ အိုဘားမား လာမယ့် နိုဝင်ဘာလ မြန်မာနိုင်ငံ လာမယ့် ခရီးစဉ်မှာရော အမေရိကန် တာဝန်ရှိသူတွေဘက်က စူးစမ်းသွားမယ်လို့ ပြောပါတယ်။

“လာမယ့် သြဂုတ်လဆန်းပိုင်း နိုင်ငံခြားရေးဝန်ကြီး Kerry မြန်မာနိုင်ငံကို သွားရောက်တဲ့အခါမှာ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာကို အလေးပေး လေ့လာသွားမှာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာကျရင် သမ္မတ အိုဘားမားရော နိုင်ငံခြားရေးဝန်ကြီး Kerry မြန်မာနိုင်ငံကို လာတဲ့အခါမှာလည်း လာမယ့်နှစ်လုပ်မယ့် ရွေးကောက်ပွဲ ပြင်ဆင်မှု အခြေအနေတွေကို စူးစမ်းသွားဖို့ ရှိပါတယ်။ ဒီအစမ်းသပ်ခံ အချိန်ကာလကို တကမ္ဘာလုံးက စောင့်ကြည်နေမှာဖြစ်သလို၊ ကျနော်တို့အနေနဲ့ မြန်မာအစိုးရနဲ့ရော မြန်မာပြည်သူတွေနဲ့ပါ အတူ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေး အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားအကာအကွယ်ပေးဖို့ မြန်မာခေါင်းဆောင်တွေကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းသွားပါမယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုကို ဆက်ပြီး ကူညီထောက်ခံသွားပါမယ်။”

နိုင်ငံခြားရေးဝန်ကြီး Kerry အနေနဲ့ မြန်မာနိုင်ငံမှာ လာမယ့် သြဂုတ်လဆန်း ကျင်းပမယ့် ARF အာဆီယံ ဒေသတွင်းဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပြီး၊ အဲဒီကာလအတွင်းမှာ ဒေသတွင်း အခြားအရေးပါမှုတွေဖြစ်တဲ့ တောင်တရုတ်ပင်လယ်ပြင်ကိစ္စ အမေရိကန်နဲ့ အာဆီယံဒေသ ကုန်သွယ်ရေး ကိစ္စတွေကိုပါ ဆွေးနွေးမှာဖြစ်ပါတယ်။ အခု သြဂုတ်လကျင်းပမယ့် အစည်းအဝေးမှာ ဒေသတွင်းအရေးကြီးတဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးဖြစ်ပြီး၊ ဒီအစည်းအဝေးကနေ ဒေသတွင်း နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံခြားရေးဝန်ကြီး Kerry အနေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း မစ္စတာ Russel က ပြောခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် နိုဝင်ဘာလ ကျင်းပမယ့် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲအတွက်လည်း ဆွေးနွေးမယ့် အကြောင်းအရာ အစီအစဉ်တွေ ကြိုတင် ဆွေးနွေးပြင်ဆင်ကြမှာ ဖြစ်ပါတယ်။ အဲဒီ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲကိုတော့ သမ္မတ အိုဘားမား ကိုယ်တိုင်လည်း တက်ရောက်ဖို့ ရှိတာမို့၊ ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမားအတွက်တော့ မြန်မာနိုင်ငံကို ဒုတိယမြောက် လာရောက်မယ့် ခရီးစဉ်လို့ ပြောရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG