သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နောက်ဆုံးပေါ်လက်နက်တွေ အစ္စရေးကို ရောက်ရှိ


အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်လိုက်တဲ့ အမေရိကန်လက်နက်တွေ အစ္စရေးကိုရောက်လာသည့် ဗွီဒီယို (အောက်တိုဘာ ၁၁၊ ၂၀၂၃)
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်လိုက်တဲ့ အမေရိကန်လက်နက်တွေ အစ္စရေးကိုရောက်လာသည့် ဗွီဒီယို (အောက်တိုဘာ ၁၁၊ ၂၀၂၃)

အမေရိကန်အစိုးရက ကတိပေးထားတဲ့အတိုင်း အစ္စရေးကို ကူညီပေးတဲ့ အဆင့်အမြင့်ဆုံး နောက်ဆုံးပေါ်လက်နက်တွေ ဒီကနေ့ အစ္စရေးကို ရောက်လာပြီလို့ အစ္စရေးကာကွယ်ရေးဌာနက ဒီကနေ့ ပြောပါတယ်။ အမျိုးအမည် အတိအကျမသိရတဲ့ အဲဒီ လက်နက်ကို လေယာဉ်ပေါ်ကနေ ချနေတဲ့ရုပ်ပုံကိုလည်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

မနေ့ အင်္ဂါနေ့တုန်းကတော့ အမေရိကန်နိုင်ငံသား ၁၄ ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၁၀၀၀ လောက် သေဆုံးခဲ့ရတဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်အတွက် အစ္စရေးရဲ့ တန်ပြန်စစ်ဆင်ရေးကို အမေရိကန်က ဆက်လက် ထောက်ခံပံ့ပိုးပေးသွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

“လက်ရှိအချိန်မှာ ကျနော်တို့ ပြတ်သားကြဖို့လိုပါတယ်၊ ကျနော်တို့ အစ္စရေးနဲ့အတူ ရပ်တည်ပါတယ်။ အစ္စရေးအနေနဲ့ သူ့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့၊ အခုလို တိုက်ခိုက်မှုကို တုန့်ပြန်နိုင်ဖို့ လိုအပ်တာတွေရနိုင်အောင် ကျနော်တို့ ကူညီပေးသွားပါမယ်။ ပါလက်စတိုင်းလူမျိုးတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကံကြမ္မာကိုယ် ဖန်တီးခွင့်တွေအတွက် ဟာမတ်စ်အဖွဲ့က ကိုယ်စားပြု လုပ်ဆောင်ပေးနေတာ မဟုတ်ပါဘူး။ သူတို့ဟာ အစ္စရေးနိုင်ငံ ပျက်သုဉ်းသွားရေးနဲ့ ဂျူးလူမျိုးတွေကို သုတ်သင်ပစ်ရေးဆိုတဲ့အချက်တွေကို ကြွေးကြော်ထားကြသူတွေ ဖြစ်ပါတယ်” - လို့ သမ္မတဘိုင်ဒန်က ပြောသွားတာပါ။

အမေရိကန်စားသုံးသူတွေ နောက်ကွယ်ကနေ လူမသိအောင် ဝန်ဆောင်ခတွေ ပေးနေရတဲ့အဖြစ်က အကာကွယ်ပေးတဲ့ ဥပဒေကို သမ္မတဂျိုးဘိုင်ဒန်က ဒီကနေ့ အိမ်ဖြူတော် နှင်းဆီပန်းခြံအတွင်း ကြေညာဖို့ရှိတာကြောင့် အဲဒီ အခမ်းအနားမှာလည်း လတ်တလော အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲအတွင်း အမေရိကန်နိုင်ငံသားတွေ သေဆုံး၊ ပြန်ပေးဆွဲခံရတဲ့ကိစ္စကိုဘဲ အဓိကထား မေးခွန်းထုတ်ခံရမယ့်သဘော ရှိနေပါတယ်။

အစ္စရေးကို ဟာမတ်အဖွဲ့က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စနေနေ့ကစလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ၃ ကြိမ် ဆက်သွယ် စကားပြောခဲ့ပြီးဖြစ်တယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

XS
SM
MD
LG