သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ကုန်သွယ်ရေးသဘောတူညီချက်ရ


အမေရိကန်ပြည်ထောင်စုက အိမ်နီးချင်း ကနေဒါနဲ့ မက်ဆီကိုနိုင်ငံတွေနဲ့ ကုန်သွယ်ရေးစာချုပ် အသစ်တခု ချုပ်ဆိုဖို့ ရခဲ့တဲ့ သဘောတူညီချက်ဟာ ကမ္ဘာပေါ်က ကုန်သွယ်ရေးသဘောတူညီချက်တွေထဲမှာ အကြီးမားဆုံးနဲ့ အကောင်းဆုံးသဘောတူညီချက် ဖြစ်ကြောင်း သမ္မတ Donald Trump နဲ့ သူ့အစိုးရအဖွဲ့တွေက ပြောဆိုကြပါတယ်။

အခုရခဲ့တဲ့ သမိုင်းဝင်သဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်အမေရိကတိုက်ထဲ ငွေနဲ့ အလုပ်အကိုင်တွေ လှိမ့်ဝင် လာစေမယ်လို့ သမ္မတ Trump က ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။

တနင်္ဂနွေနေ့ည သန်းကောင်ယံမှာ သဘောတူညီချက်အတွက် သတ်မှတ်ချိန်ကုန်ဆုံးမယ်လို့ အမေရိကန်ဘက်က တဖက်သတ် ကြေညာထားတာ ဖြစ်ပေမယ့် ဒီသတ်မှတ်ချိန်မကုန်ခင် မိနစ်ပိုင်းအလိုမှာပဲ ပြင်းထန်တဲ့ဆွေးနွေးမှုတွေနဲ့အတူ အမေရိကန်နဲ့ ကနေဒါတို့က မက်ဆီကိုနဲ့ သုံးပွင့်ဆိုင်သဘောတူညီချက် အသစ်ရခဲ့ကြောင်း ကြေညာခဲ့တာပါ။ ဒါဟာ နှစ်ပေါင်း အစိတ်လောက် ကျင့်သုံးခဲ့တဲ့ မြောက်အမေရိက နိုင်ငံများ လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက် NAFTA ကို အစားထိုးတဲ့ စာချုပ်သစ်ဖြစ်ပါတယ်။

သမ္မအိမ်ဖြူနှင်းဆီဥယာဉ်မှာ သမ္မတ Trump က မိန့်ခွန်းပြောရာမှာ NAFTA နေရာမှာ အစားထိုးမယ့် အမေရိကန်- မက်ဆီကို- ကနေဒါ သဘောတူညီချက် USMCA ဟာ အားလုံးအတွက် သိပ်ကိုကောင်းမွန်တဲ့ သဘောတူညီချက်တခု ဖြစ်ကြောင်း ပြောပါတယ်။

နှစ်စဉ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံ လောက်ရှိမယ့် သဘောတူညီချက်ဟာ အပြန်အလှန် မျှတမှုရှိစေရေး အပေါ် အခြေခံထားတာ ဖြစ်ကြောင်း သမ္မတ Trump ကပြောပါတယ်။ ဒီသဘောတူညီချက်အတွက် Trump ဟာ မက်ဆီကိုသမ္မတ Enrique Pena Nieto နဲ့ ကနေဒါသမ္မတ Justin Trudeau တို့နဲ့ သဘောချင်းမတိုက်ဆိုင်မှုတွေ ကြီးကြီးမားမား ကြုံခဲ့ရပြီးမှ ရခဲ့တာပါ။

မက်ဆီကိုသမ္မတက ဒီသဘောတူညီချက်ကနေ မြောက်အမေရိကတိုက်ကို ကမ္ဘာပေါ်မှာ စီးပွါးရေအရ ယှဉ်ပြိုင်မှု အများဆုံး ဒေသ တခုဖြစ်လာစေတယ်လို့ သူ့တွစ်တာမှာ ရေးခဲ့သလို ကနေဒါသမ္မတကလည်း ဒီသဘောတူညီချက်ကနေ ၃ နိုင်ငံမိတ်ဆွေဖြစ်မှု ပိုခိုင်မာစေတဲ့အပြင် မြောက်အမေရိကတိုက်နေ ပြည်သူအားလုံးအတွက်လည်း အကျိုးရှိမှာ ဖြစ်ကြောင်း သူ့တွစ်တာမှာ ရေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG