အမေရိကန်နဲ့ ကနေဒါအစိုးရ တာဝန်ရှိသူတွေ နောက်ဆုံးအချိန်အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက်၊ မနေ့နှောင်းပိုင်းမှာပဲ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တရပ် ရရှိခဲ့ကြောင်း ကြေညာလိုက်ပါတယ်။ အမေရိကန်၊ ကနေဒါ၊ မက္ကစီကို ၃ နိုင်ငံကြား အသစ်ချုပ်ဆိုလိုက်တဲ့ (USMCA) သဘောတူညီချက်သစ်ကိုတော့ နှစ်ပေါင်း အစိတ်လောက် သက်တမ်းရှိနေပြီဖြစ်တဲ့ မြောက်အမေရိက ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) နေရာမှာ အစားထိုးသွားမှာပါ။
နှစ်စဉ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁.၂ ထီလီယံလောက်ရှိမယ့် သဘောတူညီချက်သစ်ကို အမေရိကန်သမ္မတ Donald Trump နဲ့ ကနေဒါ၊ မက္ကစီကို သမ္မတတို့ ရက်ပေါင်း ၆၀ အတွင်း လက်မှတ်ရေးထိုး လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ သမ္မတ Trump ကတော့ သဘောတူညီချက်ရရှိခဲ့တဲ့အပေါ် Twitter လူမှုကွန်ယက်ကနေ ဒီနေ့ပဲ ချီးကျုးစကား ပြောကြားလိုက်ပြီး၊ အရင် NAFTA စာချုပ်မှာပါတဲ့ အားနည်းချက်တွေကို ဖြေရှင်းပြီး ၃ နိုင်ငံစလုံးအတွက် အကြီးအကျယ် အကျိုးရှိမယ့် စာချုပ်အဖြစ်နဲ့လည်း ပြောဆိုခဲ့တာပါ။
သမ္မတ Trump ဟာ သူအနိုင်ရခဲ့တဲ့ ၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်မှာ အဓိကကျတဲ့ မူဝါဒတခုအဖြစ် NAFTA ကုန်သွယ်ရေးစာချုပ်ကို အကြီးအကျယ် ဝေဖန်ခဲ့ဖူးပါတယ်။ ၁၉၉၄ ခုနှစ်မှာ စတင်အသက်ဝင်ခဲ့တဲ့ NAFTA သဘောတူညီချက်ကြောင့် အမေရိကန်မှာ အလုပ်အကိုင်တွေ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့အတွက် အဆိုးရွားဆုံး စာချုပ်တခု အဖြစ်နဲ့လည်း ဝေဖန်ခဲ့တာပါ။
အမေရိကန် လွှတ်တော်မှာ ရှေ့နှစ်ထဲလောက် စတင်ကိုင်တွယ်မယ်လို့ မျှော်လင့်ရတဲ့ USMCA ကုန်သွယ်ရေး သဘောတူညီချက်သစ်ရဲ့ ကံကြမ္မာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ လက်ထဲမှာ မရေမရာ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် နိုဝင်ဘာလ လွှတ်တော်ရွေးကောက်ပွဲတွေမှာ အောက်လွှတ်တော်ကို အတိုက်အခံ ဒီမိုကရက်ကိုယ်စားလှယ်တွေ အများစုအဖြစ်နဲ့ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့ စာချုပ်သစ်ကို လွှတ်တော်က အတည်ပြုနိုင်ရေးမှာ အခက်အခဲတွေလည်း ကြုံရနိုင်ပါတယ်။