သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဝင်မှုကို မတားဆီးပေးလျင် မက္ကစီကိုကုန်စည်အပေါ် အခွန်တိုးကောက်ဖို့ ကန်ခြိမ်းခြောက်


အမေရိကန်ပြည်ထောင်စုဆီကို ဦးတည်ပြီး အလယ်ပိုင်းအမေရိကတိုက် နိုင်ငံတွေက ရွှေ့ပြောင်းသူတွေ တိုးလာနေတာကို အခုထက်ပိုပြီး တားဆီးပေးဖို့ အမေရိကန်က မက္ကစီကိုနိုင်ငံကို ကြာသပတေးနေ့မှာ ပိုပြီးတွန်းအားပေးလာပါတယ်။ တကယ်လို့ ဒီအတောအတွင်း သဘောတူညီချက် တစုံတရာ မရခဲ့ရင် ရှေ့သီတင်းပတ်မှာ မက္ကစီကိုဘက်က တင်သွင်းကုန်တွေအပေါ် အမေရိကန်က အခွန် ၅ % တိုးကောက်မယ်ဆိုတဲ့ ပြောကြားချက်ကို သမ္မတ Donald Trump က ထပ်လောင်းပြောကြားပြီး ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ဒုသမ္မတ Mike Pence ကတော့ ဒီသီတင်းပတ်ထဲ မက္ကစီကိုနဲ့ ကနဦးဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် Guatemala၊ Honduras နဲ့ El Salvador နိုင်ငံတွေက ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းသူတွေဟာ သူတို့နိုင်ငံတွေက အကြမ်းဖက်မှုတွေနဲ့ ဆင်းရဲတွင်းနက်မှု ဒဏ်ကနေရုန်းထွက်ပြီး အမေရိကန်မှာ ပိုကောင်းတဲ့ ဘဝရောက်အောင် ကြိုးစားဖို့ လာနေကြတာကို မက္ကစီကိုက အခုထက်ပိုပြီး တားဆီးပေးဖို့ အမေရိကန်က လိုလားကြောင်း ပြောပါတယ်။

အမေရိကန်ရဲ့ တောင်ဘက်နယ်စပ်မှာ ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ အမေရိကန်အရာရှိတွေရဲ့ ကြိုးစားမှုကို ကြိုဆိုပေမယ့် ခုထက် ပိုပြီး မက္ကစီကိုဘက်က လုပ်ဆောင်ပေးဖို့ လိုနေတယ်လို့လည်း ဒုသမ္မတ Pence ကပြောပါတယ်။

D-Day ကမ်းတက်တိုက်ပွဲ ၇၅ နှစ် မြောက် နှစ်ပတ်လည် အခမ်းအနားတက်ဖို့ ဥရောပကို ရောက်နေတဲ့ သမ္မတ Trump ကတော့ မက္ကစီကိုနဲ့ အမေရိကန်ကြား ဆွေးနွေးမှုတွေ လုပ်နေပြီး တကယ်လို့ သဘောတူညီချက် တစုံတရာ မရခဲ့ဘူးဆိုရင်တော့ တနင်္လာနေ့က စပြီး အခွန်ကို ၅ % တိုးမြှင့် ကောက်ခံမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် အခွန်ကို တလကို တကြိမ် ၅ % နှုန်းစီ တိုးမြှုင့်သွားဖို့ရှိပြီး အောက်တိုဘာလ အထိ သဘောတူညီချက် မရသေးဘူးဆိုရင် အခွန်ကို ၂၅ % အထိ တိုးကောက်သွားမယ်လို့လည်း ပြောပါတယ်။

မက္ကစီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard ဟာ အမေရိကန် နိုင်ငံခြားရေးရုံးမှာ အမေရိကန်အရာရှိတွေနဲ့ တွေ့ဆုံတွေးနွေးနေတာ ဖြစ်ပြီး သမ္မတအိမ်ဖြူမှာတော့ ၂ နိုင်ငံ တခြား ညှိနှိုင်းရေးမှုးတွေ တွေ့ဆုံနေကြတာပါ။ သဘောတူညီမှု အခုထိ မရသေးပေမယ့် တိုးတက်မှုတွေတော့ ရှိနေတယ်လို့လည်း မက္ကစီကို နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG