သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မက္ကဆီကို လူဝင်မှုကိစ္စ ဆွေးနွေးပွဲ ဖိအားပေးမှုနဲ့ အဆုံးသတ်


မက္ကဆီကို အနေနဲ့ အမေရိကန်ထဲရွှေ့ ပြောင်းလာသူတွေကို မတားဆီးပေးရင် သွင်းကုန်ခွန် တိုးကောက်မယ်လို့ အမေရိကန် သမ္မတက ခြိမ်းခြောက်ခဲ့တာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအရာရှိတွေ ဆွေးနွေးခဲ့ရာမှာ ဘာသဘောတူချက်မှ မရဘဲ ဖိအားဆက်ပေးတာတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

မက္ကဆီကို အနေနဲ့ ခိုလှုံခွင့်တောင်းလာသူတွေကို သူ့နိုင်ငံနယ်စပ်ဖက်မှာပဲ ထိန်းထားရမယ်၊ တရားမဝင်ရွှေ့ ပြောင်းလာသူတွေကို နှိမ်နင်းပြီး အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ရွှေ့ပြောင်းဝင်လာသူတွေအပေါ် ထိန်းချုပ်မူတွေ တိုးမြှင့် လုပ်ဆောင်ပေးရမယ်လို့ အမေရိကန်ဖက်က ဖိအားပေးလိုက်ပါတယ်။

အမေရိကန် သမ္မတ Donald Trump ဥရောပ ခရီးစဉ်ထွက်နေတုံးမှာ အမေရိကန် ဒုသမ္မတ Mike Pence နဲ့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့နဲ့ အိမ်ဖြူတော်မှာ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard နဲ့ဆွေးနွေးခဲ့ အပြီးမှာ မက္ကဆီကို ဘက်ကနေ လုပ်ပေးရမှာတွေကို ခုလိုဖိအားပေးခဲ့တာပါ။

အိမ်ဖြူတော်ဆွေးနွေးပွဲအပြီး နိုင်ငံခြားရေးဝန်ကြီး Pompeo နဲ့ နှစ်ကိုယ်ကြားဆွေးနွေးခဲ့တဲ့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Ebrard ဖက်ကတော့ ဆွေးနွေးပွဲမတိုင်ခင်တုံးက ပြောရာမှာ သဘောတူချက် တခုရအောင် ဆွေးနွေးနိုင်ဖို့ မျှော်လင့်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အိုင်ယာလန်ကို ရောက်နေတဲ့ အမေရိကန် သမ္မတ Trump ဘက်ကတော့ မက္ကဆီကို အနေနဲ့ နယ်စပ်က ဝင်တာတွေကို တားဆီးမူတွေ တိုးလုပ်လာနေပြီလို့ ယူဆတယ်၊ တကယ်လို့ ခုလို မတားဆီးရင် သွင်းကုန်ခွန် ဒဏ်ထိလိမ့်မယ်လို့ ထပ်မံခြိမ်းခြောက်လိုက်ပါတယ်။

ဒါ့အပြင် သမ္မတ Trump က ဆက်ပြီး ဒီ သွင်းကုန်ခွန်တွေ မြင့်မားလာရင်လည်း မက္ကဆီကိုမှာ ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတွေ အမေရိကန်ကို ပြန်ထွက်လာဖို့ပဲ ရှိတယ်လို့ အပြတ်ပြောလိုက်ပါတယ်။

သမ္မတ Trump ကပဲ မက္ကဆီကိုအနေနဲ့ အခုပြဿနာအတွက် သဘောတူချက် တခုရချင်နေတယ်၊ ဒါပေမဲ့ နယ်စပ်က ရွှေ့ပြောင်းဝင်လာသူတွေကို တားဆီးတာ မလုပ်ရင်တော့ ဘာသဘောတူချက်မှ ရမှာမဟုတ်ဘူးလို့ ဆက်ခြိမ်းခြောက်ခဲ့ပါတယ်။

မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Ebrard ဖက်ကတော့ အမေရိကန်ဖက်က သွင်းကုန်ခွန်တိုးကောက်ရင် ထိခိုက်လာနိုင်တာတွေနဲ့ နယ်စပ်ရွှေ့ပြောင်းဝင်လာသူ ပြဿနာအတွက် အဆိုပြုချက်တစ်ခု ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG