သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို သွင်းကုန်ခွန်တိုးဖို့ အမေရိကန်ဆိုင်းငံ့


အမေရိကန် အလံနဲ့ မက္ကဆီကို အလံ
အမေရိကန် အလံနဲ့ မက္ကဆီကို အလံ

လက်တင်အမေရိကားနိုင်ငံတွေကနေ ရွှေ့ပြောင်းဝင်သူတွေ မက္ကဆီကိုနယ်စပ်ကနေတဆင့် အမေရိကန်ပြည်ထောင်စုထဲ တရားမဝင် ဝင်ရောက်မှုတွေကို ဟန့်တားပေးပြီး ဒီအတွက် မက္ကဆီကို ပို့ကုန်တွေအပေါ် အမေရိကန်က သွင်းကုန်ခွန်ချမှတ်မယ့် အစီအစဉ်ကို ပယ်ဖျက်ပေးလိုက်ပေမဲ့ မက္ကဆီကိုဘက်က ဒီသဘောတူညီချက်နဲ့အညီ လိုက်ပါဆောင်ရွက်မှုမရှိရင်တော့ အမေရိကန်သမ္မတ Trump သွင်းကုန်ခွန် ပြန်လည် စည်းကျပ်နိုင်တယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက် ရယူနိုင်ခဲ့ပြီမို့ တနင်္လာနေ့က စပြီး မက္ကဆီကို ပို့ကုန်တွေအပေါ် သွင်းကုန်ခွန် ၅ ရာခိုင်နှုန်း ချမှတ်မယ့်အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီလို့ သမ္မတ Trump က တွီတာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံကနေတဆင့် အမေရိကန်တောင်ပိုင်း နယ်စပ်ကို ဝင်ရောက်လာနေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို တင်းတင်းကျပ်ကျပ် ဟန့်တားပြီး ဒီလိုတရားမဝင် ဝင်ရောက်မှုတွေကို သိသိသာသာ လျော့ကျသွားအောင် လုပ်ဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမ္မတ Trump အနေနဲ့ နိုင်ငံတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုပြဿနာကို ကိုင်တွယ်ဖို့အတွက် ရည်ရွယ် ဆောင်ရွက်နေတာနဲ့အညီ အခု သဘောတူညီချက်ကို ရယူလိုက်တာဖြစ်ပြီး တကယ်လို့ အမေရိကန်ဘက်က မျှော်မှန်းသလို မက္ကဆီကိုနိုင်ငံဘက်က သဘောတူညီချက်နဲ့အညီ လိုက်ပါဆောင်ရွက်ခြင်း မရှိဘူးဆိုရင်တော့ အခွန်စည်းကျပ်မှုတွေ ပြန်လုပ်နိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က ဂျပန်နိုင်ငံမှာကျင်းပနေတဲ့ G20 စီးပွားဖွံ့ဖြိုး နိုင်ငံ ၂၀ က ဘဏ္ဍာရေးဝန်ကြီးတွေ အစည်းအဝေး အပြင်ဘန်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်း မက္ကဆီကိုနိုင်ငံကနေတဆင့် လူပေါင်း ၁၃၀,၀၀၀ ကျော် အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ခဲ့သလို ဒါဟာ ၂၀၀၆ ခုနှစ်ကစလို့ လစဉ်ဝင်ရောက်မှုနှုန်း အမြင့်ဆုံးဖြစ်တဲ့အကြောင်း အမေရိကန် နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG