သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အထူးကိုယ်စားလှယ် မစ်ချဲလ် မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် စတင်


အမေရိကန် အထူးကိုယ်စားလှယ် မစ်ချဲလ် မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် စတင်
အမေရိကန် အထူးကိုယ်စားလှယ် မစ်ချဲလ် မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် စတင်

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဒီနေ့ ဝါရှင်တန်ဒီစီ မြို့တော်ကနေ မြန်မာနိုင်ငံကို ထွက်ခွာမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ သူ့ရဲ့ခရီးစဉ် အတွင်းမှာ အမေရိကန် အထူးကိုယ်စားလှယ်ဟာ မြန်မာအစိုးရ အရာရှိတွေအပြင် နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေ အပါအဝင် တခြား လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူးအပြင် အထူးသံတမန် အဖြစ်နဲ့ ခန့်အပ်တာ ခံခဲ့ရတဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စက်တင်ဘာလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်နိုင်ငံကနေ ခရီးစတင် ထွက်ခွာမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာဌာန ပြောခွင့်ရ မစ်စ် ကယ်လီ မက်ကဲလော့ဂ် (Kelly McKellogg) က ပြောပါတယ်။

“မစ္စတာ မစ်ချဲလ်ဟာ ဗုဒ္ဓဟူးနေ့မှာ သွားမှာပါ။ စက်တင်ဘာလ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေပါလိမ့်မယ်။ သူ ဘယ်သူတွေနဲ့ ဘယ်နေ့တွေမှာ တွေ့ဆုံမယ် ဆိုတာကို သေသေချာချာ မပြောနိုင်သေးပေမဲ့ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေအပြင် လူမှု လူ့အဖွဲ့အစည်း အသီးသီးနဲ့လည်း တွေ့ဆုံမှာပါ။”

မစ္စတာ မစ်ချဲလ်ဟာ အရင်က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာရှ ပစိဖိတ်ရေးရာ အကြီးတန်း အရာရှိတာဝန် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အခု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် အနေနဲ့ ပထမဆုံး မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ် အရေးယူနေတဲ့ အမေရိကန် အစိုးရက မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာဖို့အပြင် မြန်မာလူထု ဖွံ့ဖြိုး တိုးတက်လာဖို့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဆောင်နေရာမှာ အခု မစ္စတာ မစ်ချဲလ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ပိုပြီး တိုးတက် အောင်မြင်စေဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန် အစိုးရနဲ့ မြန်မာ နှစ်နိုင်ငံကြား အချေအတင် ဆွေးနွေးမှုတွေကို အားဖြည့်ပေးဖို့နဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှေ၀ ထားရှိတဲ့ ဦးတည်ချက် ဖော်ဆောင်နိုင်ရေး အတွက်လည်း ရည်ရွယ်ပါတယ်။”

မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်နိုင်ငံ ဂျော့ချ်တောင်း (Georgetown) တက္ကသိုလ်က အာရှရေးရာဌာန အကြီးအကဲ ဒေးဗစ် စတိုင်းဘာ့ဂ် (David Steinberg) ကတော့ မစ္စတာ မစ်ချဲလ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သိပ်ကို အရေးကြီးသလို အောင်မြင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

“သူထမ်းဆောင်ရမယ့် တာဝန်က သိပ်ကို ခက်ခဲမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာအောင် သူလုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။ အခုလိုမျိုး အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားဖို့ ကိစ္စက သိပ်ကို အရေးကြီးသလိုပဲ သူ့အနေနဲ့လည်း ဒီတာဝန်ကို ယူနိုင်တဲ့သူပါ။”

မစ္စတာ မစ်ချဲလ်ဟာ သောကြာနဲ့ စနေနေ့မှာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို စနေနေ့ကနေ စက်တင်ဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့အထိ ရန်ကုန်မှာရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်း အသီးသီးကို တွေ့ဆုံတဲ့အခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးဟာ မစ္စတာ မစ်ချဲလ်အတွက် အထူးအရေးပါတယ်လို့ ပါမောက္ခ စတိုင်းဘာ့ဂ်က သုံးသပ်ပါတယ်။

“သူနဲ့တွေ့ဆုံဖို့ ကိစ္စက အရေးကြီးပါတယ်။ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူထားမှုကို မြန်မာအစိုးရက ဖယ်ရှားချင်နေတဲ့ကိစ္စ တခုလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လုံး၀ အရေးပါနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက်ကနေပြီးတော့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေအတွက် အမေရိကန်ဘက်က အပြောင်းအလဲတွေ ဖြစ်လာနိုင်တာမို့ပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာက အလေးထားတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်နေတာမို့ပါ။”

မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို သွားရောက်ဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မစ်စ် မက်ကဲလော့ဂ်က ပြောပါတယ်။

“သူဟာ ဘန်ကောက်နဲ့ ဂျကာတာကိုလည်း သွားဖို့ ရှိပါတယ်။ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ တွေ့ဆုံမှာ ဖြစ်ပေမဲ့ အစီအစဉ် အသေးစိတ်ကိုတော့ အခုချိန်မှာ မသိရသေးပါဘူး။”

အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ်အတွက် အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေး ကြိုးပမ်းနေမှုအတွက် မကြာခင်မှာ မြန်မာနိုင်ငံကို သွားရောက် လေ့လာဖို့အတွက် မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခု အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ မစ္စတာ မစ်ချဲလ် တွေ့ဆုံဖို့ ရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ အခြေအနေကို စိုးရိမ်မကင်း ဖြစ်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

XS
SM
MD
LG