သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်သင်္ဘော မတော်တဆမှုက အလောင်းတချို့တွေ့ရှိ


အမေရိကန် ရေတပ် ဖျက်သဘောၤ USS John McCain ထဲကနေ သေဆုံးသူ အလောင်းတွေကို ရေငုပ်သမားတွေ ရှာဖွေ တွေ့ရှိထားကြောင်း အမေရိကန် ရေတပ်ရဲ့ ပစိဖိတ် တပ်မဟာ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Scott Swift က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

သဘောၤအတွင်းက ပိတ်မိနေတဲ့ နေရာတွေကနေ သေဆုံးသူ တချို့ကို ရေငုပ်သမားတွေ ဒီကနေ့ ရှာဖွေ တွေ့ရှိတာလို့ ရေတပ်ဗိုလ်ချုပ်ကြီး Scott က ဒီကနေ့ စကာၤပူမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ မလေးရှား ရေတပ်က ရှာဖွေတွေ့ရှိခဲ့တဲ့ သေဆုံးသူတဦးရဲ့ ရုပ်အလောင်းကိုလည်း သဘောၤတိုက်မှုမှာ ပျောက်ဆုံးခဲ့တဲ့ ရေတပ်သား ၁၀ ဦးထဲက ဘယ်သူ ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရေတပ် ဗိုလ်ချုပ်ကြီး Swift က ပြောပါတယ်။ ပျောက်ဆုံးနေဆဲ ရေတပ်သားတွေကိုလည်း ဆက်ပြီး ရှာဖွေနေပါတယ်။

အမေရိကန် ဖျက်သဘောၤ USS John S. McCain အကြီးအကျယ် ပျက်စီးခဲ့ရတဲ့ မလက္ကာ ရေလက်ကြား အနီးမှာ ဆီတင်သဘောၤနဲ့ တိုက်မိခဲ့ရတဲ့ အကြောင်းရင်းကို ကြိုးပမ်း ဖော်ထုတ်နေတဲ့ မေရိကန် ရေတပ်ကတော့ ပိုပြီး ကြိုးစားဖော်ထုတ်သွားမယ်လို့ ပြောဆိုထားပါတယ်။ USS John S. McCain သဘောၤရဲ့ ရေစူးမှတ်အောက်မှာ အပေါက်ကြီး တခုဖြစ်နေတာကို အမေရိကန် ရေတပ်က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။

သဘောၤတွင်းက အိပ်ခန်းတချို့နဲ့ ဆက်သွယ်ရေးခန်းတို့ထဲကို ရေဝင်ခဲ့တယ်လို့ အမေရိကန် ရေတပ် တပ်မဟာ ၇ က ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီကိစ္စ ဖြစ်ခဲ့ပြီးနောက်မှာတော့ ကမ္ဘာတလွှား အမေရိကန် ရေတပ်ရဲ့ လုပ်ငန်းတွေ အားလုံးရပ်ဆိုင်းထားဖို့ အမိန့်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG